မှော်ပညာဆိုသည်မှာ

မှော်ပညာဆိုသည်မှာ တစ်ဦးတည်းဖြစ်စေ အုပ်စုလိုက်ဖြစ်သော မှော်၊ စုန်းကဝေအတတ်နှင့် သဘာဝလွန်ပညာရပ်များကို လက်တွေ့အသုံးချနိုင်သောပညာ

မှော်ပညာဆိုသည်မှာ တစ်ဦးတည်းဖြစ်စေ အုပ်စုလိုက်ဖြစ်သော မှော်၊ စုန်းကဝေအတတ်နှင့် သဘာဝလွန်ပညာရပ်များကို လက်တွေ့အသုံးချနိုင်သောပညာ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုစာရင်းထဲတွင် ထည့်နိုင်သော ပညာရပ်တစ်ခုလည်း ဖြစ်သလို ယုံကြည်မှု၊ ဘာသာတရားတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းများကို ပြန်ပြောင်းကြည့်ရှုမည်ဆိုပါကလည်း မှော်နှင့် စုန်းကဝေအတတ်တို့က သမိုင်းကြောင်းနေရာအချို့တို့မှာ ပါဝင်နေလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ ထိုခေတ် ထိုအခါက ပုံပြင်များတွင်လည်း မှော်ဆရာများ၊ စုန်းမများ၊ မှင်စာများ၊ မြေဖုတ်ဘီလူး၊ သရဲတစ္ဆေများ စသဖြင့် ပါဝင်လျက်ရှိနေသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပေသည်။

အနောက်ဥရောပ ဘာသာ စကားတွင် မှော်နှင့်ပတ်သတ်သော အသုံးအနှုန်းကို စုံလင်စွာ လေ့လာရနိုင်မည်ဖြစ်ပြီး အဓိကအသုံးပြု ကြသော witchcraft ဆိုသော စကားရပ်သည် ရှေးဟောင်း အင်္ဂလိပ်စကား wiccecræ မှ ဆင်းသက်လာခြင်းဖြစ်ပြီး wicce(witch) နှင့် cræ (craft) တို့ ပေါင်းစပ်ထားသော စကားလုံးပင် ဖြစ်ပေသည်။ Witch ဆိုသော စကားလုံးဝေါဟာရမှာလည်း Sorcerers ဆိုသော စကားလုံးမှ ပြန်လည်မူကွဲထွက်လာခြင်းဖြစ်ကာ မြန်မာအဘိဓာန် အများစုတွင် [Witch = စုန်း၊ စုန်းမ]၊ [ Sorcerer = မှော်ဆရာ] ဟု ဘာသာပြန်ကြသည်ကို တွေ့ကြရသည်။ Oxford Dictionary အပါအဝင် အနောက်တိုင်း လောကီကျမ်းများ၏ ဖော်ပြချက်များအရ Sorcerer ဆိုသောစကားလုံးသည် မှော်ပညာကို အသုံးချရာတွင် ရုပ်ဝတ္ထုပစ္စည်းများ၊ သင်္ကေတများ၊ လောကီနှင့်ပတ်သက်သော အခြားအထောက်ပံ့ ပစ္စည်းများ အကူညီကိုယူမှ အစွမ်းရှိသောသူဟု အဓိပ္ပာယ်ပြဆိုထားပြီး witch ဆိုသောအသုံးမှာ ထိုပစ္စည်းများမလိုဘဲ မိမိစိတ်နှင့် သုံးသပ်၍ပင် အရာရာ စေလိုရာစေနိုင်သော အစွမ်းရှိသူ မည်သည့်ပစ္စည်းမှမလိုဘဲ မိမိကိုယ်တွင်း အစွမ်းတစ်ခုတည်းနှင့်ပင် ကျိန်စာတိုက်နိုင်သူဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။

ယေဘုယျအားဖြင့် ရှေးအစဉ်အဆက်ကတည်းက မှော်ပညာကိုလုပ်ဆောင်ကြသူ တစ်သီး ပုဂ္ဂလများ၊ အဖွဲ့အစည်းများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ (ရုပ်နှင့်နာမ်)တို့၏ မမြင်ရသော နယ်ပယ်မှ စွမ်းအင်များကို သက်ဝင် ယုံကြည်ကြသူများပင် ဖြစ်ကြလေသည်။

မှော်ပညာနှင့် ပတ်သက်လာလျှင်တော့ ရိုးရာပုံပြင်များ၊ ရိုးရာဓလေ့ဆိုင်ရာ မှော်ပညာ အယူများ၊ ဘာသာတရားဆိုင်ရာ ဆုံးမစာများနှင့် ကျမ်းစာများထဲမှာ တွေ့ရသလို အစောပိုင်း ရှေးဟောင်းအီဂျစ်နဲ့ ဘေလီလုံးနီးယန်း သမိုင်းအထောက်အထားများထဲတွင် မှော်ပညာ၏ အသုံးပြုမှုနှင့် ယုံကြည်မှုတို့က ထိုခေတ်ထိုအခါတွင် ကြီးမားစွာ လွှမ်းခြုံထားသည်ကို တွေ့ရပေလိမ့်မည်။ မှော်ပညာကို တားမြစ်သော ဥပဒေသများ၊ မှော်ပညာသည် ယုတ်ညံ့သောပညာရပ်ဖြစ်ကြောင်း ဖော်ပြထားမှုများလည်းရှိသကဲ့သို့ မြင့်မြတ်သော ဖြူစင်သောမှော်ပညာဟု များသောအားဖြင့် ဖော်ပြလေ့ရှိသည့် white magic (အဖြူရောင်မှော်အတတ်)ကို အသုံးချသော white witch (အဖြူရောင်စုန်းကဝေ)များ အကြောင်းကိုလည်း သမိုင်းကြောင်းများတွင် တွေ့ရှိနိုင်ပေသည်။

Spellcasting ဟုခေါ်ဆိုသော ဝေါဟာရကို မြန်မာအဘိဓာန်များတွင် ဂါထာမန္တန် မန်းမှုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း spellcasting သည် မန္တန်ရွတ်ဖတ်ခြင်း၊ အရုပ်နာမ်သွင်းခြင်း၊ ဖယောင်းတိုင် အစီအရင်များ စသည့် မှော်အစီအရင်များအားလုံးကို spellcasting ဟုခေါ်ဆိုပေသည်။ ritual ဆိုသော အသုံးနှုန်းသည် ရိုးရာအစီအရင်များ ရိုးရာအယူအဆများကို ခေါ်ဆိုရာတွင် သုံးနှုန်းကြပေသည်။

မှော်ပညာနှင့် ပတ်သက်သော အသုံးအနှုန်း နှင့် ပညာရပ်များမှာ များစွာကျယ်ပြောလှပြီး Necromancy, Wicca, White Witch, စသဖြင့် များပြားစွာကွဲပြားနေသလို အယူအဆများမှာလည်း မတူကွဲပြားမှုများစွာ ရှိနေလေသည်။

အသင်္ခတလုလင်