မြွေမကြောက်တဲ့ ငါပေါက်

မြွေမကြောက်တဲ့ ငါပေါက်

ဒေါင်းလူးရွာ၌ မြွေနဲ့ပတ်သက်လို့ ဘယ်သူ့ အိမ်မှာ မြွေတွေ့တွေ့ ရွာအလယ်ပိုင်းက ငပေါက်ကို သတိရကာ ပြေးခေါ်ရသည်အထိ ငပေါက်က မြွေမဆို နိုင်၏။ ငပေါက်ဟာ မြွေပြီးသည်ဟု ဆိုရလောက်အောင် ဘာ မြွေဖြစ်ဖြစ် အရှင်ဖမ်းပြတတ်၏။ ရွာတောင်ဘက် တာလမ်းမကြီးဘေးမှာ ငပေါက်ရခဲ့သော မြွေဟောက်ကြီးတုန်းကဆိုလျှင် ငပေါက်ကို လေးငါးချက်ခန့် ပေါက်မိကိုက်မိပေ၏။ ငပေါက်က တစ်ချက်ကလေးမျှ မဖြုံသလို ပုရွက်ဆိတ်ကိုက်သလောက်သာ သဘောထားကာ မြွေဟောက်ကြီးအား ဖမ်းနိုင်ခဲ့လေသည်။
ရွာအလယ်ပိုင်း လမ်းကြပ်တည့်တည့်ထိပ်က ဒေါ်လှကြွေအိမ်ပေါ်မှာနေသည့် မြွေဟောက်ကြီး တုန်းကဆိုလည်း အများသူငါအပြောစကားအရ ဒေါ်လှကြွေရဲ့ ယောကျာ်းဆုံးပါးပြီး ဝင်စားသည့် မြွေကြီးဖြစ်သဖြင့် ဒေါ်လှကြွေကို အန္တရာယ်မပြုဘဲ အတူတူ နေထိုင်နေသည်ဟု ငပေါက်က သတင်းရတာ့ အိမ်ရှေ့ဘူးစင်တွင် ထွက်ကာ ကြွက်ချောင်းနေသည့် မြွေဟောက်ကြီးအား ဒေါ်လှကြွေအလစ်၌ ဖမ်းယူနိုင်ခဲ့လေ၏။ ဒီအကြောင်းကို ဒေါ်လှကြွေ သိတော့ များစွာစိတ်ဆိုးဒေါသထွက်လျက် ငပေါက် တို့အိမ်ရှေ့သွားကာ ဆဲဆိုရန်တွေ့ရင်း သူ့ယောကျာ်း ဝင်စားသည့် ေြွမကြီးသေသလို ငပေါက်လည်း သေချင်းဆိုးနဲ့သေပါစေလို့ ကျိန်စာတိုက်လေတော့၏။
ဒါပေမဲ့ ငပေါက်ဆိုတာ မြွေနဲ့ပတ်သက်လျှင် များစွာ အတွေ့အကြုံရှိသူဖြစ်သလို မြွေပီးဆေးက လည်း အောင်ထားသူဆိုလေတော့ မြွေနဲ့တော့ မသေနိုင်ချေ။ ပြီးတော့ ငပေါက်က သူ့အသက်မွေးဝမ်းကြောင်းအရသာ ဖားရှာငါးရှာ၊ ကြွက်ထိုး၊ ကြောင်လိုက်၊ ရှဉ့်ထောင်၊ မြွေဖမ်းလုပ်ငန်းမျိုးတွေ လုပ်ကိုင်နေရသော်ငြား နှုတ်ကားလွန်စွာချိုသူမို့ ဒေါ်လှကြွေတစ်ယောက်ကလွဲလျှင် သူ့အား တစ်ရွာလုံးကချစ်ခင်ကြလေ၏။

သို့ဖြင့် ငပေါက်ဟာ ဒေါင်းလူးရွာ၌ ဇနီးနှင့် သမီးကို တာဝန်ကျေပွန်စွာ လုပ်ကိုင်ကျွေးမွေးခဲ့ သည်မှာ အများအသိပင်ဖြစ်၏။ ငပေါက်တစ်ယောက် ရှိနေ၍ ရွာ၌ မြွေဆိုးတွေ့ပါက သူသာ ဦးဆောင်လုပ်ကိုင်ဖြေရှင်းခဲ့သည်ချည်းဖြစ်၏။ ရွာရှိ တချို့ လူကြီးသူမများက မြွေ၊ ကင်းကိစ္စနဲ့ပတ်သက်၍ ငပေါက်ကြောင့် စိတ်အေးရသည်ဟု ချီးမွမ်းကြသည်များလည်းရှိ၏။ တကယ်လည်း ချီးမွမ်းမည်ဆို ချီးမွမ်းစရာပင်။ ဟိုစဉ်အခါက ဒေါင်းလူးရွာ၊ ကျွန်းကုန်း ရွာနှင့် ငွေဓားရကျေးရွာတို့ကြားရှိ မြို့လယ်ချောင်းမှ မြွေပွေး၊ မြွေဟောက်၊ တောကြီးမြွေဟောက်တို့အပြင် ငန်းပုပ်၊ စပါးကြီး၊ စပါးအုံးမြွေတို့ပါ ပါလာတတ်ပေရာ တောသူတောင်သားတို့အဖို့ အသက်အန္တရာယ်နှင့် မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရပေ၏။ ထို့ကြောင့် ငပေါက်လို မြွေနိုင်နင်းသည့် လူမျိုးကို ရွာသူရွာသားတို့က လုပ်ငန်းခွင်ဝင်ချိန်အပြင် ပူအိုက်သည့်နွေရာသီ မြွေထွက်ချိန်တို့၌ အထူးအားကိုးရသဖြင့်ဖြစ်လေ၏။ ငပေါက်ကလည်း ရွာအတွက်ဆို ရွာချစ်စိတ်ရှိသလို သူ့အသက်မွေးဝမ်းကြောင်းအရ သူ့ဝါသနာအရ ယခုလိုဆောင်ရွက်ပေးရသည်များကို တစ်ချက်လေးမျှ မညည်းမညူလေဘဲ အချိန်အခါမရွေး ကူညီလျှက်သာတည်း။
_ _ _

ငပေါက်တို့ ဒေါင်းလူးရွာနှင့်နယ်တစ်ဝိုက်တွင် လူငယ်လူရွယ်ယောကျာ်းလေး၊ မိန်းကလေးမှန် သမျှ မြွေပြီးဆေးထိုးလေ့ထိုးထရှိသော်လည်း ဆေး ထိုးခံရတိုင်း မပြီးသူများလည်း တွေ့ရပါ၏။ ပြီးတော့ တချို့မြွေပြီးဆေးတွေက မြွေသားမစားရ၊ ဟိုဟာ ရှောင်ရ သည်ဟာရှောင်ရတွေကလည်း ရှိသေး၏။ အသီးအနှံတစ်မျိုး ဖြစ်သည့် ပဲလင်မြွေသီးကို မြွေပြီးဆေးထိုးထားသူ စားသုံးလိုပါက ဘုံလုံသီးဟု ခေါ်ဆိုကာ စားသုံးမှဆေးမပြယ်ကြောင်းအယူရှိသေး၏။ ငပေါက်ကို မြွေပြီးဆေးထိုးပေးခဲ့သည့် ရှမ်းဆရာကြီးကတော့ ဘာမှရှောင်စရာမလို၊ သူ့ဆေးသူ အာမခံသည်ဟုဆိုခဲ့သလို တကယ်လည်း ဆေးစွမ်းထက်၏။ ငပေါက်ကလည်း မြွေသား အလွန်ကြိုက်သူဖြစ်သဖြင့် မြွေအရှင်ရပါက ကြို့ပင်ကောက်မြို့ပေါ် တက်ရောင်းကာ အသေရပါက ကိုယ်တိုင် ချက်စားသည်က များလေ၏။

လွန်ခဲ့သည့်တစ်ပတ်ကလည်း သူတို့ ဒေါင်း လူးရွာတောင်ဘက် ကျွန်းကုန်းရွာ သရက်တိုက်ထဲတွင် ရခဲ့သော မြွေပွေးကြီးမှာ လူကြီးလက်မောင်းလုံးခန့်နီးပါးရှိ၏။ ကျွန်းကုန်းရွာသား ဖိုးမြင့်သန်းရဲ့ အဆိုအရ အဆိုပါမြွေပွေးကြီးရှိနေသော တွင်းဂလိုဏ်ထဲသို့ လှံဖြင့်ထိုးကြည့်ရာ လှံခွေသွားသည် ဟူ၏။ ထို့ကြောင့် မြွေနဲ့ပတ်သက်၍ ကျွမ်းကျင်လှသော ငပေါက်ကို လာခေါ်ရခြင်းဖြစ်ပါ၏။ ငပေါက်က တွင်းဂလိုဏ် အနေအထားနဲ့ မြွေပွေးများ နေထိုင်တတ်ပုံတို့ကိုတွက်ချက်ကာ သံတူးရွင်းဖြင့် ဂလိုဏ်ကို ထိုးဖဲ့ချရာ မြွေပွေးရှိရာ နေရာနှင့် လက်တစ်နှိုက်စာ အကွာအဝေးလောက်ရောက်မှ ခဏနားကာ အမောဖြေသေး၏။ ပြီးတော့မှ ငပေါက် လက်နှိုက်၍ဖမ်းလေသည်။ ဂလိုဏ်ထဲရှိ မြွေပွေးကြီးခမျာ မလှည့်သာ၊ မပြေးသာဖြစ်သလို အသက်အန္တရာယ်အတွက် ငပေါက်လက်ကို ပြန်ကိုက်လေသည်။ မြွေပွေးဆိုသော သတ္တဝါမျိုးဟာ သူတို့ ခန္ဓာကိုယ်ကို ထိလျှင် ယင်ကောင်တောင် မလွတ်တမ်းကိုက်နိုင်လေရာ ငပေါက်လက်ကို မလွတ်တမ်း ကိုက်လေ၏။ ထိုအချိန် ငပေါက်က သူ့လက်ကို ဂလိုဏ်ကျင်းထဲမှ ပြန်ဆွဲထုတ်လိုက်သည့်အခါ ငပေါက်လက်မှ ကိုက်လျက် တန်းလန်းပါလာသော မြွေပွေးကြီးမှာ မြွေပွေးဆိုမှ မြွေပွေးလို့ဆိုရလောက်အောင် နှစ်ချို့ မြွေပွေးမျိုးဖြစ်သဖြင့် အကွက်အရောင်မှာ ကြေးနီရောင်ပင် ထနေလေတော့၏။ ထိုမြွေပွေးမျိုးကို မြွေပွေးကြေးနီဟု ခေါ်ဆိုတတ်ကြ၏။ ငပေါက်မှာ စည်းကမ်းတစ်ခုတော့ရှိသည်။ ထိုစည်းကမ်းမှာ ငပေါက်က ဤကဲ့သို့ မြွေသတ်ပြီးတိုင်း ထိုမြွေ၏ခေါင်းကို ဖြတ်ကာ တွင်းနက်နက်တူး၍ မြှုပ်တတ်လေသည်။ သူ့အယူအရ မြွေတို့သဘာဝ ဂမ္ဘီရသဘောတွေ ပါဝင်နေတတ်သဖြင့် မြွေဆိုသည့်သတ္တဝါဟာ သူတို့အား သတ်သူကို မသေခင် သူတို့မျက်ကြည်လွှာ၌ ပုံရိပ်အဖြစ်မှတ်သားထားတတ်ကာ သေဆုံးသွားသည့် မြွေနှင့် ပတ်သက်ဆက်နွှယ်သော ကျန်မြွေများက ထိုပုံရိပ်ကိုလာကြည့်ပြီး လက်စားပြန်ချေ တတ်သည်ဆို၏။ ထို့အပြင် သည်ထက်အရေးပါသည့်အချက်မှာ အဆိပ်ရှိသည့် မြွေကိုသတ်ပြီး သည်အတိုင်းပစ်ထားပါက အများသူငါ ခြေဗလာဖြင့် တက်နင်းမိပြီး မြွေစွယ်မြွေရိုးစူးပါက အဆိပ်တက်နိုင်၍ပဲ ဖြစ်ပါ၏။

သို့ဖြင့် ငပေါက်တို့အဖွဲ့ဟာ သူတို့ရရှိလာသည့် မြွေပွေးကြီးကိုချက်ကာ အရက်နဲ့မြည်းရင်း ဇိမ်ကျနေစဉ် သရက်ပင်ညီအစ်ကိုရွာမှ စကီမိုနဲ့ ချက်ဖောင်းတို့နှစ်ယောက် စပါးအုံမြွေကြီးတစ်ကောင်ကို ပန်းထိမ်ဝင်ရွာနှင့် ဂုံညှင်းတန်းလေးရွာကြားရှိ သရက်ပင်ကြီးအခေါင်းထဲမှ ရရှိလာသည်ဟု သတင်း ရရှိလေသဖြင့် ငပေါက် သောက်နေသော အရက်ခွက်ကိုချ၍ သတင်းလာပေးသူအား သိလိုသည်ကို အလောတကြီး မေးမြန်းလိုက်လေသည်။
“စကီမိုနဲ့ ချက်ဖောင်းတော့ ကော်တာပဲဟ။ စပါးအုံးမြွေက မြို့ပေါ်တက်ရောင်းရင် ဈေးကောင်း ရသလို၊ ချက်စားရင်လည်း တအားဆူတာကွ။ ချက် တတ်ဖို့ပဲ လိုတာဟ။ ဒါနဲ့ သူတို့အခု အဲဒီမြွေကြီးကို ဘာလုပ်ဖို့ ပြောသံကြားလဲ”
“ဘာမှ မလုပ်ကြပါဘူး ကိုပေါက်ရာ။ ရွာဦး ကျောင်းဆရာတော် ဦးတေဇနဆီ သွားလှူလိုက်ပြီတဲ့ဗျ”
“ငါ့လခွမ်း တော်တော်ရှော်တဲ့ကောင်တွေပဲ။ ဟေ့လူ ဖိုးမြင့်သန်း။ ခင်ဗျားနဲ့ကျုပ် အဲဒီ အကောင်ကြီးကို စားရအောင် ကြံစည်ဦးဗျ”
“အဲသည်အတွက် ကျုပ်တာဝန်ထားစမ်းပါ ကိုပေါက်ရာ။ ခင်ဗျားတို့ရွာထဲက ဒေါ်လှကြွေအိမ်က မြွေဟောက်ကြီးတုန်းကလည်း ကျုပ်ပဲကြံစည်ပေးခဲ့ တာလေဗျာ”
“မှန်တာပေါ့ဗျာ။ ခင်ဗျားက ဒေါ်လှကြွေရဲ့တူ ဖိုးသူတော်တို့အိမ်မှာ သူရင်းငှားလုပ်နေသူဆိုတော့ ဒေါ်လှကြွေအိမ်ရှိမရှိ ခင်ဗျားအသိဆုံးပေါ့ဗျ။ ဒါ ကြောင့် သူ့ယောကျာ်းဝင်စားတယ်လို့ မှတ်ယူထားတဲ့ မြွေဟောက်ကြီးကို အပိုင်ကြံစည်နိုင်တာပေါ့။ ဒါလည်း ဒေါ်လှကြွေက အန္တရာယ်ဖြစ်မှာစိုးလို့ ကျုပ်တို့က ကူညီတဲ့သဘောပါဗျာ။ ဒါတောင် အဲဒီအဘွားကြီးက စေတနာကို နားမလည်ဘူး။ ကျုပ်အိမ်ရှေ့လာပြီး ကျိန်ဆဲသွားသေးတယ်ဗျ ဟား ဟား ဟား ဟား”
“ဟုတ်ပါ့ဗျာ…ဝါး ဟား ဟား ဟား”
_ _ _
ရွာကာလသားခေါင်း ခေါ် ရွာရဲ့လူငယ်ခေါင်းဆောင် ကိုဇော်မြင့်က လာခေါ်လေသဖြင့် ငပေါက် မငြင်းသာချေ။ တစ်ခါတည်းလိုက်ခဲ့ရပေ၏။ မလိုက် လို့လည်းမဖြစ် ရွာဦးကျောင်းဆရာတော်ဦးတေဇနက အခေါ်လွှတ်ခြင်းဖြစ်၍ အင်္ကျီပင် မလဲနိုင်ရှာဘဲ ငပေါက် လိုက်လာခဲ့လိုက်သည်။ ရွာဦးကျောင်းသို့ ရောက်တော့ စကီမိုတို့ လှူထားသည့်မြွေကြီးကို အထီးအမခွဲခိုင်းနေသဖြင့် ငပေါက်က သူ့ပညာအရ ကြည့်ရှုစစ်ဆေးရာ ရွာဦးကျောင်းဆရာတော် ပြောသလို မြွေအမကြီးဖြစ်ပေ၏။ မြွေအထီးအမ ခွဲခြားရာတွင် ပညာရှင်တို့မှာ မြွေရဲ့အင်္ဂါအား ဖြဲကြည့်စရာမလိုချေ။ အမြီးမှ အင်္ဂါစပ်အထိ အရစ်အရေအတွက်ကိုကြည့်ရုံဖြင့် တန်းသိရှိပေ၏။ ယခုလည်း ငပေါက်က မြွေအင်္ဂါစပ်မှ အမြီးအထိ အရစ်အရေအတွက်ကို ကြည့်ရုံမျှနဲ့ မြွေအမကြီးမှန်း တန်းသိပေ၏။

ပြီးတော့ ငပေါက်က မြွေမကြီးကိုကြည့်ရင်း သည်လောက် ဝတုတ်နေသည့် အကောင်ကြီးချက်စားရလျှင် ဘယ်လောက်အရသာရှိလိုက်မည်နည်းဟု အတွေးမျှတင် သရေကျနေလေ၏။ ဒါပေမဲ့ ငပေါက်တို့အဖွဲ့မှာ အဆိုပါမြွေမကြီးအား အတွေးနဲ့သာ ပြစ်မှားရဲသည်။ အကြောင်းမှာ ရွာဦးကျောင်းဆရာတော်က သည်မြွေမကြီးကို သူ့အိပ်မက်အရ သိုက်က လာသည့် ဥစ္စာစောင့်မြွေ “စောနန်း”ဟု နာမည် ပေးထားရုံမက သူနဲ့သိုက်ဆက်ရှိသည်ဆိုကာ အလွန် သံယောဇဉ်ကြီးနေခြင်းကြောင့်ဖြစ်၏။

တစ်ရက်မှာတော့ ဖိုးသူတော်တစ်ယောက် သူ့လယ်သူရင်းငှား ဦးသန်းညွန့်ကြီး၊ ဖိုးမြင့်သန်း တို့ကို ခေါ်ကာ ရွာဦးကျောင်းအနီးရှိလယ်ကွင်းသို့ အလုပ်လုပ်ရန်ထွက်ခဲ့လေ၏။ လယ်ထဲကို ရောက်တော့ ဖိုးသူတော်က လယ်လုပ်စက် (ဒေါင်ဖန်း) မောင်းနေစဉ် စက်အောက်မှ တွန်းကန်မှုတစ်ခု ကြောင့် သူ့စက်ဟာ မြောက်တတ်လျက် ထူးဆန်းအံ့ဩဖွယ်အဖြစ်နဲ့ ကြုံတွေ့ရလေသည်။ ထို အချိန်မှာပင် ဖိုးမြင့်သန်းက စက်အနားသို့ ပြေးလာကာ အသင့်ယူဆောင်လာသည့် ပေါက်တူးဖြင့် ထုနှက်လေတော့၏။ ဦးသန်းညွန့်ကြီးက အတင်းဆွဲကာ မလုပ်ဖို့တားမြစ်သံတို့ကိုပါ တစ်ဆက်တည်း ကြားရ လေသဖြင့် ဖိုးသူတော်စက်ပေါ်မှ အမြန်ပြေးဆင်းကာ ကြည့်တော့ တွေ့ရသည့်မြင်ကွင်းက စိတ်မသက်သာစရာဖြစ်၏။ ရွာဦးကျောင်းဆရာတော်ရဲ့မြွေမကြီး စောနန်းမှာ ခေါင်းအထုအနှက်ခံထားရလေသဖြင့် သွေးသံတရဲရဲ ဖြစ်နေပေပြီ။ ပို၍ထူးဆန်းသည်မှာ ခါတိုင်းဆိုလျှင် လယ်လုပ်စက်ထဲသို့ ခွေးဝင်တိုးမိတောင်မှ စက်ရဲ့ ဒလက်ထယ်သွားတွေကြောင့် အရိုးတခြား အသား တခြားဖြစ်နေကျကို သည်မြွေမကြီးကျမှ စက်ပါမြောက်တတ်သွားလေ၏။ ဖိုးသူတော် ချက်ချင်းဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချကာ ဦးသန်းညွန့်ကြီးကို လှမ်းပြောလိုက်သည်။
“ဦးသန်းညွန့်ကြီး… မြွေrကြီးကို ကျုပ်အိမ် ယူသွားချေ။ အသက်ရှင်လိုရှင်ငြား ကျုပ် ငပေါက်ကို ပြေးခေါ်လိုက်ဦးမယ်ဗျ”
ထိုသို့ ဖိုးသူတော်ပြေးထွက်သွားလေတော့မှ ဖိုးမြင့်သန်းက ပြုံးလေ၏။ ထိုအပြုံးကတော့ ငပေါက်ကို ဖိုးသူတော်သွားခေါ်လည်း ငပေါက်က သူနဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်းမို့ ထိုမြွေမကြီး စောနန်းကို ဆေးကုမရဟုဘဲ ပြောပါလိမ့်မည်။ တကယ်လည်း ငပေါက်က ထိုကဲ့သို့ပြောဆိုပေမယ့် စောနန်းက မသေခဲ့ပေ။ ထို့ကြောင့် ငပေါက်က တောက်တခေါက်ခေါက်ဖြင့် ဖိုးမြင့်သန်းအား ဆူလေ၏။
“ဖိုးမြင့်သန်း …ခင်ဗျားဗျာ။ ကျုပ်နဲ့အတူ မြွေလိုက်လာတာလည်း ကြာလှပြီ။ စပါးအုံးမြွေတို့ စပါးကြီးမြွေတို့ဆိုတာ ညှို့ကြောမပြတ်ရင် သေတဲ့ အကောင်မဟုတ်ဘူးဆိုတာ သိလျက်နဲ့ ခေါင်းမှ မဖြတ်ဘဲကိုးဗျ။ ခုတော့ စားရခါနီးမှ ပုတ်ချခံရသလို မြွေကြီးက အသက်ရှင်ပြီး ဆရာတော်ပြန်ယူသွားပြီ။ အဲ့ဒါ ခင်ဗျားညံ့လို့ဗျ”
“ကိုပေါက်အပြစ်ပြောလည်း ခံရမှာပါဗျာ။ ကျုပ်လည်း အပိုင်ထုတာဗျ။ ကိုသန်းညွန့်ကြီး ဝင်ဆွဲနေတုန်း ဖိုးသူတော်ရောက်လာတော့ ခုလိုဖြစ်ကုန် တာပဲ။ မြွေကြီးကံကိုက ကောင်းတာပါဗျာ။ တကယ် လည်း သိုက်မြွေကြီး ဖြစ်မယ်ထင်တယ်ဗျ”
“ဟာ…ဖိုးမြင့်သန်း ခင်ဗျားလည်း အလကားလူပဲ။ ဘယ်ကသိုက်မြွေဖြစ်ရမလဲဗျ။ သိုက်မြွေစစ်စစ်ဆို ခင်ဗျားထုတာနှက်တာ ခံရပါ့ မလား။ တော်ပြီဗျာ။ ကျုပ်ဟာကျုပ် မြောက်ဘက်ရိုးထဲပဲ ငါးသွားထောင်တော့မယ်”
ဟုဆိုကာ ငပေါက်တစ်ယောက် စိတ်ဆိုး ဒေါသထွက်လျက် မြောက်ဘက်ရိုးသို့ ထွက်ခွာသွား လေတော့သည်။
နောက်တစ်နေ့နံနက်စောစော ငပေါက် အိပ်ရာမှထ၍ မြောက်ဘက်ရိုးထဲတွင် ငါးထောင်ထားသည့် ပြွန်အား သွားဖော်လေသည်။ ပြွန်အားဆွဲ မလိုက်ကတည်းက ငါးမနည်းဟု ငပေါက်အတတ်သိသည်။ ဒါနဲ့ ပြွန်ထဲကိုကြည့်တော့ ဖားကြီးမှ နည်းတဲ့ ဖားကြီးမဟုတ်။

“ဟန်လိုက်လေကွာ။ ဖားသားမစားရတာ ကြာပြီ”
ဟု ငပေါက်တွေးရင်း အားရဝမ်းသာစွာဖြင့် ဖားကြီးအား လက်ထိုးနှိုက်ကြည့်တော့ ဖားကြီးက ကိုက်လေ၏။ ကိုက်တာမှ ငပေါက်လက်ကို မလွှတ် တမ်း တန်းလန်းပါသည်။ ငပေါက်ခေါင်းကြီးသွားသည်။ အံ့ဩလွန်း၍ မျက်လုံးပါပြူးလာ၏။ ငပေါက် သူ့လက်ခလယ်ထိပ်ကို ကိုက်ထားသည့်သတ္တဝါအား သေသေချာချာ ပြန်ကြည့်မှ ဖားမဟုတ်ဘဲ မြွေဟောက်ကြီးမှန်းသိရလေသည်။ ငပေါက် နာကျင်သည့်ကြားက –
“ဟာ တောကြီးမြွေဟောက်ကြီဟ။ ပြွန်ထဲမှာ ရေမွန်းနေတော ငါ့ကိုနာကျင်ခဲ ခဲတာပဲ။ ငပေါက်ကို ဒါမျိုးလာမဖောက်နဲ့ တောကြီးမြွေဟောက်”
ဟု ငပေါက်ကဆိုကာ သူ့လက်ခလယ်ထိပ်တွင် အစွယ်တန်းလန်းဖြင့် ပါလာသော တောကြီးမြွေဟောက်ကြီးကို လည်ပင်းဖျစ်ညှစ်၍ဖြုတ်ကာ အသေသတ်လိုက်လေသည်။ ပြွန်ထဲ၌လည်း ငါးက မနည်းရသဖြင့် ငပေါက် အိမ်တန်းပြန်ခဲ့လေသည်။ လမ်းတွင် ခလုတ်မတိုက်စဖူး အတိုက်ထူး၍ ငပေါက် စိတ်ထဲ –
“ငါ့တော့ ရွာထဲက ဘယ်သူတွေ အတင်း တုပ်နေသလဲ မသိ”
ဟု တွေးမိ၏။ ငပေါက်ရွာထဲဝင်လိုက်သည်နှင့် အမြင်တွေဝါးလာသည်။ ရွာ၏မှောင်ရိပ် ကြောင့်ဟုသာ ထင်သည်။ ငပေါက် သူ့အိမ်ရှေ့ ရောက်တော့မှ မျက်လုံးတွေပြာလာမှန်း သတိထားမိသည်။
ဒါနဲ့ ငပေါက် သူ့အိမ်ထဲတန်းဝင်သွားရင်း သူ့မိန်းမ မယဉ်နွဲ့အား ငါးထောင်ပြွန်နဲ့ မြွေဟောက်ကြီးအား လှမ်းပေးပြီး မှောက်လျက်လဲကျ သွားလေ သည်။ ငပေါက်မိန်းမ မယဉ်နွဲ့မှာ လန့်ဖျပ်ပြီး အော် ခေါ်လှုပ်နှိုးသော်လည်း မရသဖြင့် အိမ်နီးနားချင်းတွေကို အကူအညီတောင်းကာ ဆေးရုံ ပို့သော် လည်း ငပေါက်တစ်ယောက် မြွေဟောက် အကိုက်ခံရ၍ အသက်ပျောက်ခဲ့လေပြီ။ ရွာထဲရှိ လူကြီးသူမတွေက –
“ငပေါက်ဟာ မြွေပီးတယ်ဆိုပြီး အတင့်ရဲ လွန်းတယ်။ မြွေပီးဆေးဆိုတာ ခန္ဓာကိုယ်မှာ အကိုက်ခံရရင်ပီးတာ၊ ခြေထိပ်လက်ထိပ်ကိုက်မိရင် မပီးဘူး ကွ။ ခုတော့ ငပေါက်ရဲ့ လက်ခလယ်ထိပ်ကို မြွေဟောက်က အကြင်နာခဲ ခေါ် နာကျင်ခဲ ခဲတော့ သေရပြီပေါ့”
ဟု ဆိုကြသလို တချို့ကလည်း ရွာဦးကျောင်းက ဥစ္စာစောင့်မြွေကြီးစောနန်းကို စားဖို့ကြံ သဖြင့် ခံရသည်ဟု ဆိုပြန်၏။

ရွာလယ်ပိုင်းက ဒေါ်လှကြွေကတော့ သူ့ ယောကျာ်း ဝင်စားသည့်မြွေဟောက်ကြီးကို သတ်စားသဖြင့် တန်ပြန်ခံရသည်ဟု ထင်မြင်ချက်အမျိုးမျိုး ပေးနေကြလေတော့သတည်း။

ဝန်းရံခ