ငွေဝင်စေ၊ ငွေမြဲစေ

ဝင်ငွေကောင်းဖို့ လာဘ်ရွှင်စေဖို့ မြှုပ်နေတဲ့ ငွေကြေး အရင်းအနှီးတွေ ပြန်ပေါ်စေဖို့ဆိုရင် ဦးထွန်းစံက ဖယောင်းတိုင်တစ်တိုင်မှာ အထက်မီးစာနားကနေ အောက်ဘက်ကို သံချွန်နဲ့ သ-စ-တ-က ဆိုပြီး အက္ခရာလေးလုံးကို အစဉ်အတိုင်းရေးတယ်။

ဝါတွင်းကာလ၏ ဥပုသ်နေ့တွင် ဖြစ်၏။ ကျောင်းထိုင်ဆရာတော်ကြီးထံ၌ ရှစ်ပါးသီလ ခံယူဆောက်တည်ပြီးနောက် ကျွန်တော်သည် ကျောင်းအောက်ထပ်ရှိ သံဃာစင်ပေါ်၌သာ ရေနွေးကြမ်းသောက်ရင်း တစ်ဦးတည်း ထိုင်နေလိုက်သည်။ ထိုအချိန်တွင် ဘုန်းကြီးကျောင်းဂေါပက ဦးရွှေတိုးနှင့် ဧည့်သည် ယောဂီကြီးတစ်ဦးသည် ကျွန်တော့်အနီးသို့ ရောက်လာပြီးနောက် နှုတ်ဆက်စကားဆိုရင်း စကားစမြည်ပြောဆိုနေကြလေ၏။

ကျွန်တော့်အနီးတွင် ထိုင်၍ စကားဖောင်ဖွဲ့ နေသော်လည်း ၄င်းတို့နှစ်ဦး၏ စကားသံမှာ ကျွန်တော့်နားထဲသို့ မရောက်နိုင်၊ မကြားနိုင်အောင် ဖြစ်နေ၏။ မည်သည့် အကြောင်းအရာများ ပြောနေသည်ကိုလည်း ကျွန်တော် အလေးမထားမိပေ။ ကိုယ့်အကြောင်းနှင့်ကိုယ် အတွေးနယ်ချဲ့ရင်း ပတ်ဝန်းကျင်ကို တစ်ဒင်္ဂမျှ မေ့နေခဲ့ရပါသည်။ ဦးရွှေတိုးသည် ကျွန်တော့်ကို အသေအချာ စိုက်ကြည့်လိုက်ပြီး – “စာရေးဆရာ မှိုင်လှချေလား။ စကားပြောဖို့လာတယ်ဆိုကာမှ ဝစီပိတ်ကျင့်နေတဲ့အတိုင်းပဲ။ ရေငုံနှုတ်ပိတ်လှချေလား”ဟု မေးလေသောအခါမှ ကျွန်တော့်မှာ သတိဝင်လာပြီး – “ကိုယ့်အပူနဲ့ကိုယ်မို့ စကားမပြောဖြစ်တာပါ…”
“ဆရာက ဘာအပူတွေရှိလို့လဲ…”
“ကျွန်တော် နေ့တိုင်း ငါးပါးသီလမြဲအောင် စောင့်ထိန်းတယ်။ အခုလို ဥပုသ်နေ့ဆိုရင်တော့ ရှစ်ပါးသီလကို စောင့်တာပေါ့ဗျာ။ ဟိုတလောတုန်းက သီလပျက်စရာ အကြောင်းပေါ်လာပြီး ကြက်တစ်ကောင်ကို ကျွန်တော် သတ်လိုက်ရတယ်။ သမီးကို အားရှိအောင်ဆိုပြီး ကြက်သားစွပ်ပြုတ် တိုက်ရတာလေ။ ကလေးက ဝမ်းတွေသွားပြီး ဆေးရုံတက်ထားရတာ ဆရာဝန်ကြီးတွေက ကလေးကို ကြက်စွပ်ပြုတ်တိုက်ရမယ်ဆိုပြီး ပြောတော့ အမေက ကြက်တစ်ကောင်ပေးတာနဲ့ပဲ ကျွန်တော်ကိုယ်တိုင် ကြက်ကို သတ်လိုက်ရတယ်။ ဈေးကဝယ်ပြီးတော့ ကြက်စွပ်ပြုတ်လုပ်ဖို့ ဆိုတာလည်း ဆိုင်မှာတင် ရောင်းတာက မွေးမြူရေးကြက်တွေလေ။ အဆင်မပြေရင် ဝယ်တဲ့ ကြက်သားမှာ ရောဂါပိုးတွေတောင် ပါလာနိုင်သေးတာမို့ သမီးလေးအတွက် အိမ်မွေးကြက်ကိုပဲ ချက်လိုက်ရတယ်။ ကျွန်တော်ပဲ သတ်ရတာပေါ့ဗျာ။ သူတစ်ပါးအသက်ကို သတ်တယ်ဆိုတာ ပါဏာတိပါတကံကို ကျူးလွန်တာလေ။ အဲဒီ ကျူးလွန်မိတဲ့ကံကြောင့် ကျွန်တော်စိတ်ဆင်းရဲနေတယ်”ဟု ပြောလိုက်သည်။ အမှန်တွင်လည်း ကျွန်တော်သည် သမီးလေး၏ ကျန်းမာရေး အခြေအနေကြောင့်သာ မဖြစ်မနေ ကြက်တစ်ကောင်ကို သတ်လိုက်ရပါ၏။

“ဒီလောက်လေးများကွာ… ကြက်တစ်ကောင်ကို သတ်တာနဲ့ အပြစ်ကြီးတစ်ခု ကျနေတာပဲ။ ပါဏာတိပါတကံကို ကျူးလွန်တိုင်း ဆရာသမားလို စိတ်ထိခိုက်နေရမယ်ဆိုရင် ရွာထဲက ဝက်သားပေါ်ရောင်းတဲ့ ခင်သောင်းဆိုတဲ့ အကောင်ဆိုရင် ဘယ်လိုလုပ်မလဲ စိတ်ထိခိုက်လို့ ဆုံးမှာ မဟုတ်တော့ဘူး” ဦးရွှေတိုးက ဝက်သားသည် ခင်သောင်းနှင့် ချိန်ထိုး၍ အားပေးစကားဆို၏။

“ခင်ဗျားပြောတဲ့ ကိုခင်သောင်းက လူသိနတ်ကြား ဝက်ကို သတ်နေပေမယ့် ကံငါးပါးကို နားလည်တာ မဟုတ်ဘူး။ ကျွန်တော်က ကံငါးပါးရဲ့ အကျိုးအပြစ်ကို သိတယ်။ ကြက်တစ်ကောင်ကို သတ်မိတာ ဘယ်သူမှ မသိဘူးဆိုပေမယ့် ကျွန်တော့်ကို ကျွန်တော် လိမ်လို့မရဘူး။ ကိုယ့်မှာ သီလရှိတာ မရှိတာ ကိုယ်တိုင် အသိဆုံးလေ”ဟု ပြောလိုက်သည်။ ဧည့်သည် ယောဂီကြီးသည် ကျွန်တော် ပြောနေသည်များကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေရင်း – “ဆရာလေး ပြောတာ မှန်တယ်။ ကိုရွှေတိုး၊ စာရေးဆရာရဲ့ နှလုံးသားကိုလည်း ကျုပ် မြင်လိုက်ရပြီ။ အင်မတန်မှ ဖြူစင်ရိုးသားလှပါတယ်။ ကိုယ့်အပြစ်ကို ကိုယ်မြင်တယ်ဆိုတာ သူတော်ကောင်းပဲ။ အပြစ်ကို တရားနဲ့အညီ ကုစားတယ်ဆိုရင်တော့ ပညာရှိပဲပေါ့။ မလွဲမရှောင်သာဘဲ ကြက်တစ်ကောင်ကို သတ်လိုက်ရတယ်ဆိုတဲ့ ပါဏာတိပါတကံ ကျူးလွန်တာကို အကုသိုလ်လို့ မြင်တယ်။ အကုသိုလ်ကို ကျူးလွန်ရင်တော့ ဘေးလေးမျိုးသင့်တတ်တာပါပဲ။

  • (၁) အတ္တာနုဝါဒဘေး – မိမိကိုယ်ကို မကြည်ညိုတာ၊ မိမိကိုမိမိပြန်ပြီး စွပ်စွဲကဲ့ရဲ့တာ။
  • (၂) ပရာနုဝါဒဘေး – သူတစ်ပါးက မကြည်ညိုတာ၊ သူတစ်ပါးက စွပ်စွဲကဲ့ရဲ့တာ။
  • (၃) ဒဏ္ဍဘေး – မင်းပြစ်မင်းဒဏ်သင့်တာ။ အပြစ်ပေးခံရတာ။ ထောင်ကျတာ။
  • (၄) ဒုဂ္ဂတိဘေး – သေပြီးတဲ့နောက် အပါယ် လေးပါးမှာ ကျရောက်တာ။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပရာနုဝါဒဘေးနဲ့ ဒဏ္ဍဘေးတွေက လွတ်မြောက်နေပေမယ့် အတ္တာ နုဝါဒဘေးနဲ့ ဒုဂ္ဂတိဘေးတွေကတော့ မလွတ်မြောက်နိုင်ဘူး။

ဧည့်သည် ယောဂီကြီးရှင်းပြလေမှ ကျွန်တော်သည် အကုသိုလ်လုပ်ရမှာကို ပိုပြီးကြောက်ရွံ့လာမိပါ၏။ ဆက်၍လည်း ယောဂီကြီးက – “ပါပံ-မကောင်းမှုကို၊ ပုညေန-ကောင်းမှု ဖြင့်၊ လုနာတိ ဆိန္ဒတီတိ-ဖျက်ရှင်းပယ်ဖြတ်ရာ၏တဲ့။ မကောင်းမှု ကံတွေကို ကောင်းမှုကံတွေနဲ့ ပယ်ဖြတ်ပစ်ရမယ်လို့ ဆိုလိုတာပေါ့ကွာ”ဟု ပြောလေသောအခါ ဦးရွှေတိုးက – “မကောင်းတဲ့အလုပ်တွေကို ကောင်းတဲ့ အလုပ်တွေနဲ့ ပယ်ဖြတ်ရမှာပေါ့နော်။ ဟုတ်လား ယောဂီကြီး”
“ဟုတ်တယ် ဦးရွှေတိုး… မကောင်းတဲ့ အကုသိုလ်ကံတွေ ဝင်မလာအောင် ဝင်လာမိရင်လည်း နောက်ထပ်ပြီး မကြုံအောင် ကောင်းတဲ့အလုပ်တွေကိုပဲ အားစိုက်ပြီး လုပ်နေရမယ်”
“ဒါဆိုရင် ကောင်းတဲ့ အလုပ်ဆိုတာ ဘာ တွေလည်း ရှင်းပြပါဦး”
“ကောင်းတဲ့အလုပ်ဆိုတာ ပုညကြိယာလေ ပုညကြိယာဝတ္ထုတဲ့။ ပုည-ကောင်းမှု+ ကြိယာ-ပြုထိုက်သော+ဝတ္ထု-စီးပွားချမ်းသာ တရား။ ယခု ဘဝမှာ စိတ်ကောင်းခြင်းရဲ့ တည်ရာ၊ သံသရာဘဝ တွေမှာ စီးပွားချမ်းသာခြင်းရဲ့ တည်ရာဖြစ်လို့ ပြုလုပ် ထိုက်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပုညကြိယာဝတ္ထု လို့ခေါ်တယ်”ဟု ပြောပြပြီး ပုညကြိယာဝတ္ထု ဆယ်ပါးကို ရှင်းပြလေ၏။

  • (၁) ဒါန – စွန့်ကြဲပေးကမ်းလှူဒါန်းမှု
  • (၂) သီလ – ဆိုင်ရာ သီလများကို စောင့် ထိန်းမှု
  • (၃) ဘာဝနာ – ဘုရားဂုဏ်တော်၊ သမထ ဘာဝနာ၊ ဝိပဿနာဘာဝနာများကို ပွားများအား ထုတ်နေမှု။
  • (၄) အပစာယန – ရိုသေထိုက်သူကို ရို သေမှု။
  • (၅) ဝေယျာဝစ္စ – သူတစ်ပါး၏ ကုသိုလ် ကိစ္စ၌ ပါဝင်ကူညီမှု
  • (၆) ပတ္တိဒါန – မိမိကုသိုလ်အဖို့ကို အမျှ ပေးဝေမှု။
  • (၇) ပတ္တာနုမောဒနာ – သူတစ်ပါးက အမျှ ပေးဝေလျှင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။
  • (၈) ဓမ္မဿဝန – တရားစကားကို နား ထောင်မှု။
  • (၉) ဓမ္မဒေသနာ – ပစ္စည်းစကားကို နား ထောင်မှု
  • (၁၀) ဒိဋ္ဌိဇုကမ္မ – အယူကံ ဖြောင့်မှန်စွာ ယူမှု (ကံ ကံ၏ အကျိုးကို ယုံကြည်မှု)

ဧည့်သည်ယောဂီကြီး ပြောပြသော ပုညကြိယာ ဝတ္ထုဆယ်ပါးကို ကျွန်တော်သည် စာဖြင့် ရေးမှတ်ထားလိုက်ပါ၏။

“ကျုပ်က ဆရာလေးနဲ့ စကားပြောရအောင်ဆိုပြီး လာတာ။ ဆရာလေးကတော့ ကျုပ်ပြောတဲ့ အကြောင်းတွေကိုပဲ ရေးမှတ်နေတယ်။ ကျုပ်လည်း မှတ်သားစရာလေးတွေရှိလို့ ဆရာလေးဆီ ရောက်လာတာပါ။ ဆရာလေးက ဗေဒင်ယတြာ အကြောင်းတွေကို စာတွေရေးနေတဲ့သူဆိုတော့ ငွေဝင်ငွေမြဲစေမယ့် ယတြာမျိုးရှိရင် ပြောပြပါဦး။ ယောဂီအဝတ်ကြီးကို ဝတ်ထားပေမယ့် ကျုပ်လည်း ငွေလိုအပ်တဲ့ သူပဲလေ”
ယောဂီကြီးသည် ငွေကြေးနှင့် ပတ်သက် သော ယတြာကို တောင်းဆိုလေ၏။ စတင်၍ စကား ပြောမိကတည်းက ယောဂီကြီး၏ အသိပညာ ဗဟုသုတအား အထင်မသေးဝံ့သည်ကြောင့် ကျမ်းဂန် အထောက်အထား၊ အကိုးအကားပါသော ငွေဝင်ယတြာနည်းကို စဉ်းစားရလေတော့၏။

“ငွေဆိုတာ တနင်္လာနံပဲလေ…၊ အင်္ဂဝိဇ္ဇာ ဗေဒင် ပညာရပ်မှာ ဝင်စေလိုရင် မိတ်နဲ့ဓာတ်ကို ဖက်ဆိုတဲ့ လင်္ကာရှိပါတယ်။ ငွေနံ တနင်္လာရဲ့ မိတ်ဖက်ဖြစ်တဲ့ ဗုဒ္ဓဟူးရယ်၊ ဓာတ်မိတ်ဖြစ်တဲ့ ကြာသပတေးရယ်၊ (၄+၅)နှစ်နံတွဲ လက်ဖက်သုပ် ဘုရားလှူ ဆုတောင်းရမယ်။ လှူရမယ့်အချိန်ကတော့ ငွေနံ တနင်္လာ နဝင်းချိန်ဖြစ်တဲ့ တနင်္လာနေ့ မနက် ၉း၄၅ နာရီအချိန်ပေါ့။ တနင်္လာနေ့ မနက်တိုင်း ၉း၄၅ နာရီရောက်ရင် လက်ဖက်သုပ်တစ်ပွဲ ဘုရားလှူ ဆုတောင်းရမယ်”

“ဆရာလေးပြောတဲ့ ယတြာက အာဂမ ယုတ္တိနဲ့ ပြည့်စုံပါတယ်။ ဓာတ်ဆင်ဓာတ်ရိုက်တဲ့ ကျမ်းတွေရဲ့ အဆိုအမိန့်နဲ့လည်း ကိုက်ညီပါတယ်။ အစွမ်းထက်မှာလည်း သေချာပါတယ်။ အဲဒီ ယတြာကိုလည်း ကျုပ်လုပ်ပါ့မယ်။ ကျမ်းရိုးကြီးအတိုင်း အားမကိုးဘဲ ကိုယ့် အယူအဆနဲ့ကိုယ် အလုပ်ဖြစ်နေတဲ့ ယတြာဆရာတစ်ဦးကို ကျုပ်ငယ်ငယ်က တွေ့ဖူးတယ်။ သူ့ နာမည်က ဦးထွန်းစံတဲ့။ ကျုပ်တို့ငယ်ငယ် ဘုန်းကြီးကျောင်းသား ဘဝတုန်းကပေါ့။ ဦးထွန်းစံက ကပ္ပိယကြီးပေါ့ကွာ။ ရွာထဲက လူတွေဆိုရင် ဦးထွန်းစံဆီကို မကြာခဏလာပြီး ယတြာတောင်းကြတယ်။

ဝင်ငွေကောင်းဖို့ လာဘ်ရွှင်စေဖို့ မြှုပ်နေတဲ့ ငွေကြေး အရင်းအနှီးတွေ ပြန်ပေါ်စေဖို့ဆိုရင် ဦးထွန်းစံက ဖယောင်းတိုင်တစ်တိုင်မှာ အထက်မီးစာနားကနေ အောက်ဘက်ကို သံချွန်နဲ့ သ-စ-တ-က ဆိုပြီး အက္ခရာလေးလုံးကို အစဉ်အတိုင်းရေးတယ်။ ပြီးတော့ မနက်တိုင်း ဘုရားမီးထွန်းလှူ ဆုတောင်းခိုင်းတယ်။

ငွေမြဲစေဖို့ ငွေယိုပေါက်တွေ ပိတ်စေဖို့၊ မကုန်သင့်ဘဲ ငွေကြေးမကုန်ကျစေဖို့၊ ငွေစုဆောင်းမိစေဖို့ အတွက်ကတော့ ဖယောင်းတိုင်မှာပဲ အောက်ကနေ အထက်ဆီသို့ ယ-အ-ပ-က ဆိုတဲ့ အက္ခရာလေးလုံးကို အစဉ်အတိုင်း ရေးပေးပြီး ညပိုင်းမှာ ဘုရားလှူ ဆုတောင်းခိုင်းတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး တနင်္လာရဲ့ အထက် ဂြိုဟ်အဝင် စမလေးလုံးနဲ့ အောက်ဂြိုဟ်အဝင်စမ လေးလုံးကို အသုံးပြုတာပေါ့ကွာ”

ကျွန်တော်သည် စာရွက်တွင် ဖယောင်းတိုင်ပုံဆွဲ၍ ငွေဝင်စေသော စမနှင့် ငွေမြဲစေသော စမများကို ဧည့်သည်ယောဂီကြီး ပြောပြသည့် အတိုင်း ရေးထည့်ကြည့်လိုက်သည်။

  • ငွေဝင်စေသော လာဘ်ရွှင်စေသော စမ ဖယောင်းတိုင်ပုံ(နံနက်ပိုင်း မီးထွန်းပြီး ဘုရားလှူရန်)
  • ငွေမြဲစေသော ငွေကြေးစုဆောင်းမိစေသော စမ ဖယောင်းတိုင်ပုံ(ညပိုင်း၌ ဘုရားလှူရန်)

ကပ္ပိယကြီးဦးထွန်းက ကျမ်းရိုးကြီးအတိုင်း မလိုက်ဘဲ သူ့နည်းသူ့ဟန်နဲ့ ယတြာတွေ ပေးနေတယ်ဆိုပေမယ့် ဩစရိယဝါဒတော့ မပျက်စေခဲ့ဘူး။ “အင်္ဂဝိဇ္ဇာပညာမှာပါတဲ့ မင်း-ကု-သ ကို ဆောင်နဲ့စေတိယကိုဆောင်ဆိုတဲ့နည်းကိုအသုံးပြုပြီး ငွေကြေးယတြာကို စီရင်ပေးတာပဲ” ဟု ပြောလေ၏။

ထိုအခါမှပင် ကျွန်တော်သည် “ယတြာ အစီအရင်ဆိုသည်မှာ ခက်ရာခဲဆစ်လုပ်နေစရာ မလိုဘဲ လွယ်ကူရိုးရှင်းစွာဖြင့် လွယ်လင့်တကူ ဆောင်ရွက်ပေးလျှင်လည်း အစွမ်းထက်မည်သာဖြစ်ကြောင်း နားလည်သွားပါ၏။ ဧည့်သည် ယောဂီကြီးကိုလည်း ကျေးဇူးတင်စကားဆို၍ ပညာဒါနအဖြစ် ငွေငါးထောင်တန် တစ်ရွက်ကို ပူဇော်ကန်တော့လိုက်ပါသတည်း။

သိဒ္ဓိစံ(မင်္ဂလာကုန်း)