မင်းသိင်္ခ၏ ကိုယ်ပိုင်ယတြာများ

မိန်းကလေးလိုချင်ရင် မိန်းကလေးရပါစေလို့ မြစ်စောင့်နတ်ဆီမှာ တိုင်တယ်ပြီး ယူခဲ့ရတယ်။

အိမွန်သူ ကိုယ်ဝန်ရအောင် ယတြာလုပ်ပေးရခြင်း

တစ်နေ့တွင် အိမွန်သူသည် ကျွန်ုပ်ထံသို့ ရောက်လာပြန်၏။ ထို့ကြောင့် ကျွန်ုပ်က- “ဆိုစမ်းပါဦး မိန်းကလေးရဲ့ ဘာဒုက္ခပါလာ ပြန်ပြီလဲ” ဟုမေးလိုက်ရာ

အိမွန်သူက- “ဒုက္ခရယ်လို့တော့ မဟုတ်ပါဘူး အဘရယ်၊ ကိုမြတ်သူက အရင်ကဆိုရင် အလုပ်ကပြန်လာရင် အိမ်မှာနေတယ်။ အခုအိမ်မကပ်ဘူး။ အဲဒီတော့ အိမ်နီးနားချင်းမိန်းမကြီးတွေက ပြောတယ်။ ယောကျာ်းအိမ်မှာ မကပ်တာဟာ မိန်းမအပေါ် သံယောဇဉ် နည်းလာလို့တဲ့။ ဒါမျိုးဟာ သားသမီး ရှိရင်တော်သေးတယ်။ သားသမီးမရှိရင် မယားငယ်တွေဘာတွေ ယူသွားတဲ့အထိ ဖြစ်တတ်တယ်။ အဲဒါကြောင့် သမီး သားသမီးလိုချင်လို့ လာခဲ့တာ။ ယတြာလေးလုပ်ပေးပါဦး အဘရယ်”ဟု ပြောလိုက်လေတော့၏။

ထို့ကြောင့် ကျွန်ုပ်က- “ဒီလိုလုပ်ရတယ် အိမွန်သူရေ မနက်စောစော မြစ်ကမ်းစပ်ကိုသွားပြီး မြစ်ရေစိုနေတဲ့ ကျောက်စရစ်ခဲသေးသေးကို ကောက်ရတယ်။ မိန်းကလေးလိုချင်ရင် မိန်းကလေးရပါစေလို့ မြစ်စောင့်နတ်ဆီမှာ တိုင်တယ်ပြီး ယူခဲ့ရတယ်။ ညကျတော့ အဲဒီကျောက်စရစ်ခဲကလေးကို ချက်မှာ အသာကပ်ပြီး အပေါ်ကနေ လက်လေးလုံးလောက်ရှိတဲ့ ပိတ်စအပြာနဲ့ပတ်ပြီး အိပ်ရတယ်ကွယ့်။ ကိုယ်ဝန်ရတဲ့နည်းတွေတော့ အများကြီးပေါ့ကွယ်။ ဒါပေမဲ့ ဒီနည်းဟာ အလွယ်ဆုံးပဲ။ မြစ်စောင့်နတ်ကိုပြောတုန်းက ယောကျာ်းလေးလို့ပြောပြီး လမ်းကျမှ မိန်းကလေးလိုချင်လို့ဆိုပြီး ပြန်ပြောင်းပြောလို့တော့ မရဘူးနော်။ တစ်ခါတည်းစဉ်းစားပြီးမှ ပြောရမယ်။ အဘပြောတဲ့အတိုင်းသာ လုပ်လိုက်ပေ တော့။ ညည်းလိုချင်တဲ့ သားသမီးဟာ မကြာခင်မှာ ရလာပါလိမ့်မယ်”ဟု ကျွန်ုပ်က အာမခံလိုက်ရာ အိမွန်သူလည်း ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားလေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ