မုန့်ဆိုင်တွေ အရောင်းသွက်ချင်ရင်

 

တစ်နေ့သ၌ မိရွှေပု၊ တာတီးနှင့် ဘုတ်ဆုံမ ဟူသော ကျွန်ုပ်၏ အိမ်နီးချင်း မူလတန်းကျောင်းသား အရွယ် ကလေးငယ်သုံးဦးတို့သည် ညနေကျောင်း ဆင်းချိန်၌ လွယ်အိတ်များကို အိမ်၌ ကိုယ်စီ ထားခဲ့ ကြပြီးနောက် ကျွန်ုပ်ထံသို့ အပြေးကလေးဆိုသလို ရောက်လာကြလေ၏။

ကျွန်ုပ်လည်း ၄င်းတို့အား အမောပြေ မုန့် လက်ဆောင်း တိုက်ကျွေးလေ၏။ ချက်ချက်ချာချာ တာတီးက –

“ဒါက ဘာမုန့်လို့ခေါ်လဲ ဘဘရဲ့ …”ဟု မေးရာ ကျွန်ုပ်က –

“မုန့်လက်ဆောင်းလို့ ခေါ်တယ်ကွဲ့ …၊ ဘဘတို့ငယ်ငယ်တုန်းကဆိုရင် မုန့်လက်ဆောင်းဆို တာ တော်တော်ကောင်းတဲ့ သရေစာပေါ့ကွယ် …၊ မင်းတို့ခေတ်မှာတော့ မုန့်ပဲသရေစာတွေက ပေါလာ ပြီဆိုတော့ မုန့်လက်ဆောင်းကိုတောင် ကလေးတွေ က သိပ်မသိချင်တော့ဘူး …” ဟု ပြန်၍ ပြော ရလေ၏။ ထိုအခါ စပ်စပ်စုစု မိရွှေပုက –

“မုန့်ပဲသရေစာဆိုတာ ဘာကို ခေါ်တာလဲ ဘဘရဲ့ …” ဟု ဝင်၍မေးလေ၏။ ကျွန်ုပ်က ကြက် တောင်ကလေး နှစ်ဖက်စီးထားသော မိရွှေပုကလေး ၏ခေါင်းကို အသာအယာပုတ်ရင်း –

“ဒီလိုကွယ့် …၊ ဘဘတို့မြန်မာတွေမှာ ဟိုးရှေးရှေးတုန်းက ဒီခေတ်လို မုန့်တွေ မပေါသေး ဘူး …၊ မလုပ်တတ်ကြသေးဘူးပေါ့ကွယ် …၊ အဲဒီတော့ ဆန်ကိုထောင်းပြီး ဆန်မှုန့်ကို ဆီနဲ့ကြော် တယ် …၊ အဲဒါကို မုန့်လို့ခေါ်တယ် …၊ ဆန်မှုန့် ချည်းပဲကြော်တော့ မုန့်က အဖြူရောင်လေးပေါ့ ..၊ အဲဒါကို မုန့်ဖြူလို့ခေါ်တယ် …၊

ဆန်မှုန့်ကို ရေနဲ့ရောပြီး မွှေထားတာကို မုန့် နှစ်လို့ခေါ်တယ် …၊ အချိုစားချင်တဲ့လူက မုန့်နှစ် ထဲမှာ ထန်းလျက်ရည်ရောပြီး မွှေလိုက်တယ် …၊ အဲဒါကိုကြော်တော့ မုန့်ကလေးက အနီရောင်ကလေး ဖြစ်နေတာပေါ့ …၊ အဲဒါကိုတော့ မုန့်နီလို့ခေါ်တယ်၊

ကလေးတို့အိမ်တွေမှာ နတ်တွေဘာတွေ တင်တဲ့အခါ မုန့်ဖြူမုန့်နီ ဆက်ရတယ်ဆိုတာ ကြား ဖူးတယ်မဟုတ်လား …၊ မုန့်ဖြူမုန့်နီဆိုတာ အဲဒါ ကိုခေါ်တာ …၊

ပဲဆိုတာကတော့ မြေပဲတို့၊ စားတော်ပဲတို့ကို ပြုတ်ပြီးကြော်ပြီး အဆာပြေစားကြတာကို ခေါ်တာ ပေါ့ …၊

ဟိုးရှေးတုန်းက ဘဘတို့မြန်မာတွေမှာ အ ဆာပြေစားဖို့ဆိုရင် အဓိကက အဲဒီလို မုန့်နဲ့ပဲပဲ ရှိခဲ့လို့ မုန့်ပဲသရေစာလို့ ခေါ်လေ့ရှိကြတာ …၊

သရေစာဆိုတာကတော့ ဘာလို့ခေါ်တာလဲ ဆိုရင် ရှေးတုန်းက ခရီးဝေးတွေဘာတွေ သွားတဲ့ အခါ ဒီခေတ်လို လမ်းမှာ စားသောက်ဆိုင်တွေဘာ တွေက ဘယ်ရှိမလဲ …၊

ခရီးသွားပြီဆိုရင်လည်း ခြေလျင်ပဲဖြစ်ဖြစ်၊ မြင်းတို့၊ လှည်းတို့နဲ့ပဲဖြစ်ဖြစ် အကြာကြီး တရွေ့ရွေ့နဲ့ သွားကြရတာ၊ လူဆိုတာက ဘာမှမစားမသောက် ဘဲ ကြာလာတဲ့အခါ ပါးစပ်ထဲက သွားရေတွေဘာ တွေ ယိုလာတတ်တယ် …၊ သူတစ်ပါးတစ်ခုခုစား တာကိုမြင်ရင်လည်း သွားရေတွေဘာတွေ ကျတတ် တာပေါ့ …၊

ထမင်းချိန်မဟုတ်သေးတဲ့အခါတွေမှာ သွား ရေကျလာရင် စောစောကပြောခဲ့တဲ့ မုန့်တို့၊ ပဲတို့ကို အဆာပြေ စားရတာပေါ့ …၊ အဲဒါကြောင့် မုန့်တွေ ပဲတွေကို သရေစာလို့ ခေါ်ခဲ့ကြတာကွဲ့ …” ဟု ရှင်းပြရလေ၏။ ကလေးသုံးဦးလည်း စူးစိုက်သော မျက်လုံးကလေးများဖြင့် နားထောင်ရင်း မှတ်သား ကြလေ၏။ ထို့နောက် စပ်စပ်စုစု မိရွှေပုက –

“အတော်ပဲဘဘရေ …၊ သမီးရဲ့အဒေါ် အကြီးဆုံးက မုန့်ဆိုင်ကြီးဖွင့်ထားတာ …၊ သူတို့ မုန့်ဆိုင်က အကြီးကြီးပဲ ဘဘရဲ့ …၊ မုန့်တွေလည်း အများကြီးပဲ …၊ အမျိုးကလည်း စုံလိုက်တာဆို တော့ …၊

သူတို့ဆိုင်ကို သမီးတို့ရောက်ရင် မုန့်တွေ လည်း အဝစားရတယ်၊ အိမ်ကိုလည်း ထည့်ပေးလိုက် သေးတယ် …၊ ဟိုတစ်နေ့ကကျတော့ သူတို့ဆိုင် သိပ်ပြီး မရောင်းရလို့တဲ့ …၊ အမြတ်နည်းလို့ဆိုပြီး သမီးကိုတောင် မုန့်နည်းနည်းပဲ ကျွေးတော့တယ်၊

ကျောင်းပိတ်ရက်ကျရင် အဲဒီအဒေါ်တို့ဆိုင်ကို သွားမလို့ မုန့်ရောင်းကောင်းတဲ့နည်းကလေး ပြောပြ ပေးလိုက်ပါလား ဘဘရယ် …၊ အဲဒါမှ သမီးတို့ မုန့်များများ စားရမှာ …၊ နို့မိုဆိုရင် ဘဘပြောသ လို သွားရေတွေပဲ ကျနေလိမ့်မယ် …” ဟု ပြော သဖြင့် ကျွန်ုပ်လည်း ‘လူလည်မလေး’ဟု ရေရွတ် ကာ –

“ဒီလိုလုပ်ကွဲ့ …၊ မုန့်ဆိုင်တွေ ရောင်း အားကောင်းဖို့ဆိုရင် ပန်းအိုးလှလှလေးတစ်လုံးနဲ့ ကန်စွန်းညွန့်ကလေး ၅ ညွန့်စိုက်ပြီး ဆိုင်မှာ တင် ထားရတယ်ကွဲ့ …၊ နောက်ပြီး နောက်ထပ် ကန် စွန်းညွန့် ၅ ညွန့်နဲ့လည်း မုန့်တွေကိုရိုက်ပြီး ဆုတောင်း ရတယ်ကွဲ့ …၊ အဲဒါလေး ပြောပြလိုက်ပါကွယ်” ဟု ပြောပြလိုက်ရပါလေတော့သတည်း။   ။

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ