သည်ဆင်ခြေဖုံး ရပ်ကွက်ကလေးအတွင်းရှိ လမ်းကလေး၌ စီစီညံညံဖြစ်ပြီဟေ့ဆိုလျှင် ဦးမျိုးမင်း နှင့်မရွှေအေးတို့ လင်မယား နောင်ဂျိန်ချနေပြီမှန်း ကလေးကအစ သိနေကြပြီဖြစ်သည်။
လမ်းအတွင်းသို့ ပြောင်းကာစ ရန်ဖြစ်တုန်းကဆိုလျှင် ပတ်ဝန်း ကျင်အိမ်တွေခဗျာ မနေသာကြ။ လင်ကိုဆွဲသူဆွဲ၊ မယားကိုဆွဲသူဆွဲနှင့် ရန်မီးငြိမ်းအောင် ဖျန်ဖြေပေး ခဲ့ကြသည်။ ရန်ဖြစ်တာက တစ်ကြိမ်တစ်ခါတည်း မဟုတ်။ အကြိမ်ကြိမ်အခါအခါဆိုတော့လည်း ရိုး သွားကြကာ ဖြစ်ချင်သလောက် ဖြစ်ကြစမ်းဟူ၍ ဥပေက္ခာပြုထားလိုက်ကြတော့သည်သာ။
ရန်ခဏခဏဖြစ်သည်ဆိုတော့လည်း ၎င်းတို့ ၏ အိမ်ထောင်ရေးမှာ သာယာသော အိမ်ထောင်ရေး မဟုတ်သည်မှာ သေချာသည်။ ကွဲကြ၊ ကွာကြဖို့ ရာကျတော့လည်း အရွယ်မရောက်သေးသော ဘုစုခရုအရွယ် လူမမည်ကလေးသူငယ်တွေကြောင့် မကွဲခဲ့ကြ၊ မကွာခဲ့ကြ။ တကယ်တော့ ဦးမျိုးမင်းနှင့် မရွှေအေးတို့မှာ မိဘများက အတင်းပေးစား၍ ညား လာခဲ့ကြသူများမဟုတ်။ အချင်းချင်း မေတ္တာမျှ၍ ညားလာခဲ့ကြသူများသာတည်း။ အသက်တော့ကွာ သည်။ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူထက် အသက်၂၀လောက်ကြီးသည်။
“ချစ်လို့ယူခဲ့ကြတာပါ ဆရာရယ်။ ကျွန် တော်က အသက် ၂၀ လောက်ကြီးတဲ့သူဆိုတော့ မအေးကို အမြဲအလိုလိုက်ပါတယ်။ ဒါပေမယ့် ကလေးနှစ်ယောက်ရလာပြီးတဲ့ နောက်ပိုင်း စကား သိပ်များလာပြီး ကျွန်တော့်အပေါ် အမြဲ ဆီလို အပေါက်ရှာတယ် ဆရာရဲ့ ကျွန်တော် ဘယ်သွားသွား၊ ဘာလုပ်လုပ် အမြဲသံသယရှိနေတယ်။
ဒီအရွယ်ရောက်လာပါပြီဆရာရယ်။ ကျွန်တော့်မှာ ကိုယ့်စီးပွားအရေးက လွဲပြီး ဘာမှ ခေါင်းထဲမရှိပါဘူး။ ကြိုက်တတ်လို့ နည်းနည်းပါးပါး ချတတ်တာတော့ ရှိတာပေါ့။ ဒါပေမယ့် ပေါ်ပေါ် ထင်ထင်မဟုတ်ပါဘူး။ လမ်းထဲက ဆယ်အိမ်ခေါင်း ဦးငြိမ်းသူခေါင်းဖြူကြီးနဲ့ ခွက်ပုန်းလေး ချတာလောက်ပါ။ ဒီတော့ အိမ်ထောင်ရေး သာယာအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ မသိဘူး။ အကြံကောင်း ဉာဏ်ကောင်းလေးများရှိရင် ပေးပါဦး ဆရာရေ”
သည်လိုမျိုး အကူအညီတောင်းခံလာတော့ လည်း အရာရာအပေါ် သဘောလွယ်လှသော ကျွနု်ပ်သည် မနေသာတော့။ အိမ်ထောင်ရေး သာယာဖို့ဆိုသည့် အလျော့မတင်း စောင်းကြိုးညင်း ရမည်ဖြစ်ကြောင်း၊ တစ်ဖက်သား သံသယကင်း အောင် မိမိလုပ်ဆောင်သည်များကို နားလည် သဘောပေါက်အောင် ရှင်းပြဖို့လိုကြောင်း၊ ကိုယ့်ဘက်ကလည်း လျှော့သင့်သည်ကို လျှော့ရမည် အကြောင်း ပြောပြရသည်။
“ဟုတ်ပါတယ် ဆရာ၊ အဲဒီမှာ တကျက်ကျက်ရန်ဖြစ်တဲ့ အိမ်ထောင်ရေးတစ်ခု ပြေလည်မှု ရရှိအောင် အင်္ဂဝိဇ္ဇာနည်းနဲ့ စီရင်ပေးလို့များ ရနိုင် မလားဆရာ။ ရနိုင်ရင် ကူညီပေးစေချင်ပါတယ်”
“ရပါတယ် အဲဒီနည်းကလေးကတော့ ရဟန်းသံဃာတော်ကို သူ့နေ့နဲ့သူ ဆွမ်းကပ်ဖို့ပါပဲ”
“ကပ်မယ်ဆရာ၊ ကုသိုလ်လည်းရတာပေါ့။ မအေးက ကျွန်တော်နဲ့ တကျက်ကျက်ဖြစ်မယ့်သာ ဖြစ်တာ အလှူအတန်းကိစ္စတော့ ဝါသနာပါတယ် ဆရာရဲ့”
သို့ဖြင့် ကျွနု်ပ်လည်း အိမ်ထောင်ရေး အဆင်မပြေသူများပြန်လည် အဆင်ပြေသွားစေမည့်ဆွမ်း ကပ် အလှူယတြာတစ်ခုကို စဉ်းစားရလေသည်။ စဉ်းစား၍ရသောအခါ မည်သည့်နေ့၌ မည်သည့်ဆွမ်း များ၊ အချိုပွဲများ ကပ်လှူသင့်သည်ကို ပြောပြရ လေတော့၏။ အိမ်ထောင်ရေး အဆင်မပြေသူများ လုပ်ဆောင်ကြည့်နိုင်ပါသည်။ အဆင်ပြေသွားသည့် သာဓကများစွာ ရှိချေ၏။
၁။ တနင်္ဂနွေနေ့၌ ကပ်လိုပါက
အုန်းထမင်း၊ ဆီးသီးသုပ်၊ ပဲမုန့်တို့ကို ကပ်လှူပါ။
၂။ တနင်္လာနေ့၌ ကပ်လိုပါက
ကြက်သားဟင်း၊ ရဲယိုရွက်သုပ်၊ ယိုသုပ်တို့ ကို ကပ်လှူပါ။
၃။ အင်္ဂါနေ့၌ ကပ်လိုပါက
ဆိတ်သားဟင်း၊ ပဲပင်ပေါက်သုပ်၊ သစ်သီးစုံတို့ကို ကပ်လှူပါ။
၄။ ဗုဒ္ဓဟူးနေ့၌ ကပ်လိုပါက
ဝက်သားဟင်း၊ ဒန့်ဒလွန်သီးဟင်း၊ ကိတ်မုန့်တို့ကို ကပ်လှူပါ။
၅။ ကြာသပတေးနေ့၌ ကပ်လိုပါက
ဘဲသားဟင်း၊ ငါးဆီပြန်၊ အိုက်စ်ကရင်တို့ကို ကပ်လှူပါ။
၆။ သောကြာနေ့၌ ကပ်လိုပါက
သီးစုံဟင်း၊ အုန်းနို့ခေါက်ဆွဲ၊ ဆီးယိုတို့ကို ကပ်လှူပါ။
၇။ စနေနေ့၌ ကပ်လိုပါက
ဒံပေါက်ထမင်း၊ ရှောက်သီးသုပ်၊ ရုံးပတီသီး တို့ကို ကပ်လှူပါ။