“ဘယ်အချိန်မှာ ယတြာချေရမလဲဆရာ”
ကာယကံရှင်၏ မွေးသက္ကရာဇ် နေ့နံတို့ကို အခြေပြုပြီး သကာလ အစစအရာရာ တွက်ချက် စစ်ဆေးပြီး မြင်သမျှကို ဟောပြောရရုံမက ကာယကံ ရှင်၏ သိလိုသော အချက်တို့အား ချင့်ချိန်နှိုင်းဆ ဖြေကြားရသည်မှာ ဗေဒင်ဆရာတစ်ဦး၏ အလုပ် ဖြစ်ပါသည်။
မြင်တာတွေဟော၊ သိလိုသမျှ အမေးတွေ ကို ဖြေပြီးသည့် သကာလ အဆိုးအညံ့တွေ ပျောက် စေဖို့၊ အတိုက်အခိုက်တွေ တွန်းလှန်အောင်မြင်နိုင် ဖို့၊ ကြံစည်တိုင်းပြီးမြောက်ဖို့၊ လာဘ်လာဘ ရွှင်လန်း ဖို့၊ ကြီးပွားတိုးတက်ဖို့ စသည်တို့အတွက် သင့်လျော် သည့် ယတြာကို ပေးရစမြဲဖြစ်ပါသည်။
ဤ ခုနစ်ရက်သားသမီးတို့အနေဖြင့် မိမိတို့ ပေးလိုက်ရသော ယတြာများကို ဘယ်အချိန်ချေရ မလဲ ဟူသည့် သဘောမျိုး မေးမြန်းတတ်ကြပါသည်။ မဆန်းလှပါ။
“ယတြာပဲ ဘယ်အချိန်ချေချေဖြစ်တာပဲ”
ဟူ၍ ပေါ့ပေါ့တန်တန် သဘောထားသူများ ရှိသည်။ ထိုအခါဝယ် ယတြာချေခြင်းသည် ယတြာ ချေခြင်း သက်သက်ဖြစ်၍ လေးနက်ထိရောက်မှု အနေအထားကမူ အကွာကြီးကွာခြားသွားပါသည်။ အချိန်တွေ၊ ကာလတွေ၊ အခါတွေ၊ ရာသီတွေဆို သည်မှာ သူ့စွမ်းအားနှင့်သူ ရှိနေကြသည်။ လောက ဓာတ်ကြီးကား ကျယ်ပြောလှသည်။ အရာအားလုံး ကို မိမိတို့ဉာဏ် တိမ်တိမ်ကလေးက လုံးဝ မမီနိုင် ပါချေ။
ယတြာဟူသည် ကောင်းသည်ကို သာလွန် ကောင်းမွန်အောင်၊ အဆိုးအညံ့များကို သက်သာ ပျောက်ကင်းအောင် လမ်းကြောင်းတည့်ပေးသော ပြောင်းလွဲပေးသော ပညာရပ်တစ်ခု ဖြစ်ပါသည်။ ယတြာမပေးတတ်လျှင် ထိုဗေဒင်ဆရာ အပေါ် အထင်မကြီးကြကြောင်းကိုလည်း လေ့လာ တွေ့ရှိ ရပါသည်။ မိမိအဖို့ “ဘယ်အချိန် ယတြာချေမလဲ” ဟူသော အမေးစကားရှိလာတိုင်း(မရှိလျှင်သော်မှ) ယတြာလုပ်ရမည့် အချိန်ကို တိတိကျကျ ပေးတတ် စမြဲဖြစ်ပါသည်။
မိမိပေးသည့်အတိုင်း အချိန်တိကျစွာ လုပ်သူများအနေဖြင့် အချိန်မတိကျစွာ ယတြာချေသူတွေထက်ပို၍ အကျိုးဖြစ်ထွန်းလေ့ ရှိသည်ကိုလည်း သတိပြုမိပါသည်။
သို့ဖြစ်၍ ယတြာချေကြမည်ဆိုပါက ခုနစ် ရက်သားသမီးများ အတွက် အစွမ်းအာနိသင် ထက်မြက်သောအခါကို ရွေးချယ်ကြစေလို ကြောင်း တိုက်တွန်းလိုသည်နှင့်အမျှ ယတြာပြုလုပ်သင့်၊ ချေသင့်သည့် အခါကောင်းကို အင်္ဂဝိဇ္ဇာဗေဒင် ပညာရပ်အပေါ် အခြေပြုလျက် တင်ပြ လိုက်ပါသည်။
(၁) တနင်္ဂနွေ သားသမီးများအဖို့
ဗုဒ္ဓဟူးအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီ အတွင်း၌သော် လည်းကောင်း၊ အင်္ဂါအခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီအတွင်း၌သော် လည်းကောင်း ယတြာချေပါက အစွမ်းထက်အောင်မြင်ပါလိမ့်မည်။
(၂) တနင်္လာသားသမီးများအဖို့
ကြာသပတေးအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီအတွင်း၌သော် လည်းကောင်း၊ ဗုဒ္ဓဟူး အခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီ အတွင်း၌ သော်လည်းကောင်း ယတြာချေပါက အစွမ်းထက်အောင်မြင်ပါလိမ့်မည်။
(၃) အင်္ဂါသားသမီးများအဖို့
သောကြာအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီအတွင်း၌သော် လည်းကောင်း၊ ကြာသပတေး အခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီ အတွင်း၌သော်လည်းကောင်း ယတြာချေပါက အစွမ်းထက် အောင်မြင် ပါလိမ့်မည်။
(၄) ဗုဒ္ဓဟူးသားသမီးများအဖို့
စနေအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီ အတွင်း၌သော်လည်း ကောင်း၊ သောကြာအခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီ အတွင်း၌သော် လည်းကောင်း ယတြာချေပါက အစွမ်းထက် အောင်မြင်ပါလိမ့်မည်။
(၅) ကြာသပတေးသားသမီးများအဖို့
တနင်္ဂနွေအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီ အတွင်း၌သော် လည်းကောင်း၊ စနေအခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီ အတွင်း၌သော်လည်းကောင်း ယတြာချေပါက အစွမ်းထက် အောင်မြင်ပါလိမ့်မည်။
(၆) သောကြာသားသမီးများအဖို့
တနင်္လာအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီ အတွင်း၌သော်လည်းကောင်း၊ တနင်္ဂနွေအခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီ အတွင်း၌သော်လည်းကောင်း ယတြာချေပါက အစွမ်းထက် အောင်မြင်ပါလိမ့်မည်။
(၇) စနေသားသမီးများအဖို့
အင်္ဂါအခါ နံနက် ၉ နာရီမှ ၁၀း၃၀ နာရီ အတွင်း၌သော်လည်းကောင်း၊ တနင်္လာအခါ ညနေ ၃ နာရီမှ ၄း၃၀ နာရီ အတွင်း၌သော်လည်းကောင်း ယတြာချေပါက အစွမ်းထက် အောင်မြင်ပါလိမ့် ဖြစ်ကြောင်းဖြင့် ယတြာပြုလုပ်သင့်သည့် အချိန်အခါ တို့ကို ရွေးချယ်တင်ပြပေးလိုက်ရပါသတည်း။
မင်္ဂလာ ဦးရွှေအိုး
