ဝင်းမူယာအောင်(အင်းစိန်)

ပစ္စည်းပျောက်သော်

ပစ္စည်းပျောက်ရှာသောအခါ ကျွန်မတို့ ဆရာကြီးမင်းသိင်္ခ၏တပည့်များ သုံးလေ့ရှိသော ဂမ္ဘီရနည်းလေးတစ်ခု ရှိပါသည်။

“ရာနိုး” ဟူသော ဂမ္ဘီရအသံကလေးကို ၁၀၁ ခေါက် ရွတ်ပြီး ပစ္စည်းပျောက်ကို ရှာသောနည်းဖြစ်ပါသည်။ ထိုနည်းကလေးမှာ အလွန်လွယ်ကူပြီး အလွန်ပင် အစွမ်းထက်လှပါသည်။

ယခုလည်း ကျွန်မတို့ရပ်ကွက်ထဲက ကိုစိန်ပန်းဆိုသူ ဦးလေးတစ်ယောက် ရေးကြီးသုတ်ပျာနှင့် ရောက်လာပါသည်။ သူ့ကိုကြည့်ပြီး ဘေးကနေ၍ ကျွန်မပင် မောနေမိပါသည်။

“ဘာတွေဖြစ်လာတာလဲ ဦးလေးရဲ့ …”  ဟု ကျွန်မက ဆီးကြို၍ မေးလိုက်ပါသည်။

“ပစ္စည်းပျောက်သွားလို့ တူမရေ …”

“ဘာပစ္စည်းပျောက်သွားလဲ ဦးလေးကိုစိန်ပန်းရဲ့ …”

“လက်စွပ်ပျောက်သွားတာ …”

“ရာနိုးဆိုတဲ့ ဂမ္ဘီရအသံကို ၁၀၁ ခေါက်ရွတ်ပြီးတော့ ဆုတောင်းပြီးတော့သာ ရှာပေတော့ ဦးလေးကိုစိန်ပန်းရေ …”ဟု ကျွန်မလည်း ပြောပြလိုက်ရပါသည်။

ဦးလေးကိုစိန်ပန်းလည်း ရေးကြီးသုတ်ပျာဖြင့်ပင် ခေါင်းတဆတ်ဆတ်ညိတ်၍ ပြန်သွားခဲ့ပြီးနောက် နောက်နေ့တွေ့သောအခါတွင်မူ သွားကြီးကိုဖြဲလျက် –

“တော်တော်စွမ်းတဲ့ ယတြာပဲ …၊ မနေ့ က ချက်ချင်းဆိုသလို လက်စွပ်ပြန်တွေ့သွားတယ် တူမရေ …”ဟု ဝမ်းသာအားရ ပြောနေပါလေတော့သတည်း။   ။

ဝင်းမူယာအောင်(အင်းစိန်)