သင်္ချိုင်းကုန်းမှ နာမ်ဝိညာဉ်

“တို့ဘယ်သွားကြမှာလဲ” “သွားချင်တဲ့ဆီသွား လိုက်မယ်” “သိန်းသန်း …မင်း ဘယ်သွားချင်လဲ”

(၁၀)တန်းစာမေးပွဲပြီးသောနေ့ ဖြစ်လေသည်။ သူငယ်ချင်းသုံးဦး စာမေးပွဲနောက်ဆုံးနေ့ စိတ်လွတ် ကိုယ်လွတ် ပျော်ကြမည်ဟု ကြိုတင်တိုင်ပင်ခဲ့ပြီးဖြစ် သည်။ ဦးဆောင်သူက အောင်အောင် … စိတ်ကူး တည့်ရာ အကုန်လုပ်တတ်သည်။ စာမေးပွဲဖြေအပြီး သူငယ်ချင်းသုံးဦး တိုင်ပင်ထားသည့်အတိုင်း ပျက် ကွက်ခြင်းမရှိ အမှတ်(၁)အထက်တန်းကျောင်းရှေ့ ဆုံမိကြလေသည်။ သဘောတူညီ ဦးတည်လိုက်ကြသည်က ညောင်လေးပင်မြို့အထွက် စိမ်းလဲ့ကန်သာ အရက်ဆိုင်ဆီသို့ ဖြစ်လေသည်။ အရက်သောက်လေ့ သောက်ထ မရှိသော အူရိုင်းများဖြစ်၍ မြန်မာရမ် တစ်လုံးကုန်သည်နှင့် မူးစပြုလေပြီ။ ညနေ ၄း၃၀ ချိန်ကျော်သည့်တိုင် အိမ်ပြန်ရန်သတိမရ။ မူးလေ ပြောချင်သည်များ ရင်ဖွင့် ပြောလေဖြစ်တော့သည်။ ဆိုင်မှ ပြန်မထွက်မီ တစ်နေရာဆီသို့ ထပ်သွားကြရန် တိုင်ပင်နေကြခြင်း ဖြစ်တော့သည်။

“သုံးယောက်လုံး သဘောတူရင်သွားမယ် ကွာ၊ သင်္ချိုင်းကုန်းသွားမယ်”

“ဘာသွားလုပ်မှာလဲ ကြံကြံဖန်ဖန်ကွာ၊ ဒီ့ ပြင်နေရာ သွားစမ်းပါကွာ”

“သရဲ ရှိမရှိ စမ်းသပ်ကြည့်ရအောင်ပေါ့”

သိန်းသန်းက သင်္ချိုင်းကုန်းသို့ သွားမည်ဟု ဆိုလေရာ သိန်းထွဋ်က သွားလိုစိတ်ရှိပုံမရ၊ ချိန် ချိန်ဆဆ ပြောပါသည်။ သိန်းထွဋ်က သွားချင်ပုံမရ၊ သို့သော် ကြားဖြတ်သမား အောင်အောင်က သိန်းသန်း စကားကို ဝင်၍ ထောက်ခံပေးတော့သည်။

“ငါလည်း စိတ်ဝင်စားတယ်။ သိန်းထွဋ် မင်း ကြောက်မနေနဲ့လိုက်ခဲ့ကွာ”

“သုံးယောက်ပေါင်းတော့ လောင်းကျော်ပေါ့ ကွာ၊ လိုက်မယ် မဟုတ်လား သူငယ်ချင်း”

“ဒီကောင့်ကို ငါတို့ ရအောင်ခေါ်ရမယ်”

သိန်းသန်းက အရှိန်တက်နေလေပြီ။ အောင် အောင်နှင့် သိန်းသန်းတို့ ဆန္ဒအရ သိန်းထွဋ် ငြင်း၍ မရခဲ့တော့ပါ။ သိန်းထွဋ်စိတ်တွင် အိမ်ကို ပြန်ရန် စိတ်ဆန္ဒရှိနေသည်။ အမေတို့ အခုလောက်ကြာနေ ရင်တောင် စိုးရိမ်နေလောက်ပြီ။ နောက်ပြီး အဖေ ဒေါသထွက်ရင် ကျောကွဲအောင် ရိုက်တတ်သည် မဟုတ်ပါလား။

စက်ဘီးနှစ်စီး ယိုင်ကာစီးရင်း ညောင်လေးပင် မြို့မှ မဒေါက်မြို့ဘက် ထွက်သည့် တရုတ်သင်္ချိုင်း ကုန်းဘက် တွေ့မိတွေ့ရာ သီချင်းများဆိုရင်း နင်း လာခဲ့ကြသည်။ ညနေနေဝင်ချိန်ကျော်ပြီမို့ အလင်း ရောင်က ရေးတေးတေးမျှသာ ရှိလေသည်။

“သင်္ချိုင်းကုန်းထဲ ခဲနဲ့ပေါက်ကြမယ်။ မပေါက်ရဲတဲ့ကောင် ငကြောက်ပဲ”

“ဘာဖြစ်လို့ မပေါက်ရဲရမှာလဲ။ မင်းတောင်   ပေါက်ရဲသေးတာ”

မူးမူးရူးရူးနှင့် အနိုင်မခံ အရှုံးမပေး ခဲများ ပေါက်သွင်းကြတော့သည်။ ထိုမျှမက အောင်အောင် က ထူးစွာ သတ္တိပြပြန်သည်။

“သင်္ချိုင်းကုန်းထဲ ဝင်မယ်”

“ဝင်ကွာ …ငါလည်းလိုက်မယ် သိန်းထွဋ် လိုက်ရဲလား”

သို့ဖြင့် တရုတ်သင်္ချိုင်းကုန်း ခြံစည်းရိုးပေါက် သို့ ကျော်ကာ အုတ်ဂူများအလယ်အထိ ရောက်ကြ ပြန်လေသည်။ အမူးသမား သူငယ်ချင်းသုံးဦးက နှုတ်ထွက်ရဲကြပြန်သည်။ အောင်အောင်ကစ၍ အော် သည်က “ကြိုက်တဲ့သရဲလာ၊ သတ္တိရှိရင်အခုထွက်ခဲ့”

တစ်ဖန် သိန်းသန်းက –

“သရဲရှိရင်ပြစမ်းပါကွာ၊ အလကား ဟား ဟား ဟား”

ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်းနေကြ တော့သည်။ အားရကျေနပ်ကြပြီမို့ သင်္ချိုင်းမြေမှ ပြန်လည် ထွက်ခွာလာကြလေသည်။

“သား ဘယ်သွားနေလဲ၊ အရက်တွေ သောက်ခဲ့တယ် မှတ်လား”

“မိဘကို စိတ်သောက တော်တော်ပေး တယ်။ နင့်အဖေသိရင် မလွယ်ဘူး”

သိန်းသန်း၏ မိခင်က အရက်မူး၍ အိမ်ပြန် နောက်ကျသော သားအား ဆူပူတော့သည်။ အလိုက် သိစွာ ကုတ်ချောင်းချောင်းဖြင့် ထမင်းမစားဘဲ အိပ်ရာ ဝင်ရတော့သည်။

“အမလေး ကယ်ကြပါဦး သားကိုကယ်ပါ ဦး”

“သား ဘာဖြစ်တာလဲ”

မိခင်ဖြစ်သူ ဒေါ်သန်းသန်းအလာ သိန်းသန်း မူမမှန်စွာ မျက်ထောင့်နီဖြင့်ကြည့်ရင်း အမေဖြစ်သူ အား –

“ဘာလာလုပ်တာလဲ အခုထွက်သွား၊ ငါ့ဆီ မလာနဲ့ နင်တို့တစ်တွေ မကောင်းဘူး”ဟုဆိုကာ    နာမ်ကြမ်းဗီဇပြပါတော့သည်။ တဟီးဟီးဖြင့်တုန် ကာ ရယ်လိုက်ငိုလိုက် ဖြစ်ပြန်သည်။

“သား ဘာတွေဖြစ်နေတာလဲ။ အမေ့ကို ဘာ ပြောတာလဲ”

မိခင်ဖြစ်သူမှ သားဖြစ်သူ သိန်းသန်းကို ကြည့်ရင်း အံ့ဩစွာမှင်သက်မိနေတော့သည်။ စောင့် ကြည့်ရင်း သားဖြစ်အင်ကို သဘောပေါက်သဖြင့် ဒေါ်သန်းသန်းတစ်ယောက် ထိတ်လန့်တကြား အိမ် နီးနားချင်းတို့အား ခေါ်ပါတော့သည်။ ဘာဖြစ်တာလဲ ဘယ်လို ဖြစ်တာလဲ တစ်ခုခု မှားခဲ့ပြီထင်တယ်။ ကလေး စာမေးပွဲဖြေတုန်း အိပ်ရေးပျက်ပြီး စိတ် ကြောင်သွားတာပါ။ အားနည်းလို့ ဖြစ်မှာပေါ့ ထင် ကြေးဝေဖန်စကားသံတို့က ကြားရတော့သည်။ အိမ်ချင်းကပ်နေသူ ဦးစိုးဝင်းက ဒေါ်သန်းသန်းအား-

“ဒေါ်သန်းသန်း …မောင်သိန်းသန်းပုံမှန် မဟုတ်လား၊ ငါ ကိုမြင့်အောင် သွားခေါ်ပေးမယ်”

“ဟုတ်ကဲ့ပါ ကိုစိုးဝင်း …ကူညီပါဦး”

ဦးမြင့်အောင်က ညောင်လေးပင်မြို့တွင် အမည်နာမကြီးသော ပယောဂဆရာ ဖြစ်လေသည်။ သရဲပူး၊ စုန်းပူး အရေးအကြောင်းကြုံက ဦးမြင့်အောင် နှင့်ရသည်ဟု ဆိုလေသည်။ လက်တွေ့ကြုံကြသူ တို့ဆိုစကား ဦးမြင့်အောင် စွမ်းလှကြောင်း၊ နာမ် ဝိညာဉ်ကို ချုပ်ပြီးတောင် မေးနိုင်ကြောင်း၊ ဦးမြင့် အောင်ကို ဦးတိုက်ကန်တော့ရသည်ဟုလည်း ဆိုကြ ပါသည်။

“ဦးမြင့်အောင် လာပြီတဲ့”

“ငါ့ဆီမလာနဲ့ ငါ့ကို ထမင်းပေးစမ်းထမင်း စားချင်တယ်”

“နင်က ဘယ်သူလဲ ဘယ်ကလဲ”

“မပြောဘူး၊ ငါ့ကိုမမေးနဲ့”

ဒေါ်သန်းသန်း အိမ်အတွင်း လူတစ်အုပ်တစ်မ စည်ကားနေတော့သည်။ ဆရာယောင်ယောင် ဘာ ယောင်ယောင်တို့ကလည်း ဝင်ရောက်မေးမြန်းကာ တစ်ယောက်တစ်ပေါက် ပြောဆိုကြရာ သိန်းသန်းက လည်း ဗလုံးဗထွေး ပြန်၍ပြောနေပြန်သည်။

“နင် ဘယ်ကလဲ”

“မပြောဘူး”

“မပြောရင် ဒဏ်ခတ်မယ်”

“ဒီမှာကြည့်စမ်းတွေ့လား သိမ်ဝင်အပ်”

“ဘာလုပ်ရမှာလဲ ငါမကြောက်ဘူး”

“ဘုရားကိုကန်တော့စမ်း၊ နင့်ကို စကြဝဠာ အပြင်ဘက်အထိ ငါပို့လိုက်ရမလား”

“မကန်တော့ဘူး ငါသွားချင်ပြီ”

“နင်ဘယ်သူလဲပြော၊ မပြောရင် မလွှတ် ဘူး”

“မပြောဘူး ငါ့ကိုလွှတ်ပေး”

ပယောဂဆရာ ဦးမြင့်အောင် ပါလာသော လွယ်အိတ်အတွင်းလက်ဖြင့် နှိုက်၍ပစ္စည်းတစ်ခုခုရှာ လေသည်။ လက်အတွင်းပါလာသည်က အပြာရောင် အခဲလေးတစ်ခဲနှင့် ပိတ်ချင်းသီးများ ဖြစ်လေသည်။ ထို့နောက် ကျောက်ပျဉ်ဖြင့် အပြာရောင်ခဲလေးအား ရေဖြင့်သွေးကာ ပိတ်ချင်းသီး ခုနစ်လုံးအား လိမ်းကျံ လေတော့သည်။ ပယောဂပူးကပ်နေသော မောင် သိန်းသန်းဘက်လှည့်၍ မင်းဘယ်သူလဲပြောဟု မေး ပြန်သည်။

“မပြောဘူး”

“မပြောရင် မင်းဝိညာဉ်ကိုငါချုပ်ထားမယ်”

မည်သည်ဓာတ်သဘောသက်ရောက်ကြောင်း မသိပါ။ ပိတ်ချင်းသီး ခုနစ်လုံးအား မန္တန်စုပ်ပြီး လက်ဖွဲ့ ကြိုးထိုး၍ မောင်သိန်းသန်း၏ လည်ပင်းတွင် စွပ် လိုက်လေသည်။

“မင်းငါ့အကြောင်းသိပြီလား၊ ငါ့ကိုကန်တော့ စမ်း”

“ကန်တော့ပါမယ်။ ကြောက်ပါပြီ။ ဒီဟာ ကြီးကို ချွတ်ပါတော့”

ပယောဂဆရာ ဦးမြင့်အောင်၏စစ်ဆေးမေး မြန်းချက်အရ မုက္ခမူရွာမှ ကားတိုက်သေဆုံးခဲ့သည့် မြင့်ဆောင်ဆိုသူဖြစ်ကြောင်း သိရလေသည်။ သင်္ချိုင်း ကုန်းတွင် လာရောက်ကျူးကျော် စော်ကားလွန်းလို့ သာ မကျေနပ်၍ လိုက်လာခဲ့ကြောင်း အဖြေမှန်ပေါ် တော့သည်။ လူအများရှေ့ နာမ်ဓာတ်ကြမ်းအား ပိုင် နိုင်စွာ မေးမြန်းနိုင်ပုံက မကြုံစဖူးထူးစွာ မြင်ရခြင်း ဖြစ်ပါတော့သည်။ ပြီးမှသာ နာမ်ဝိညာဉ်ချုပ်ထားသည့် လက်ဖွဲ့ကြိုးအား လည်မှ ဖြုတ်ပြီး လွှတ်ပေးလိုက် လေသည်။ နောက်ပိုင်း ဦးမြင့်အောင်အား မေးမြန်း ကြည့်ရာ အပြာရောင်အခဲလေးများမှာ ဒုတ္ထာခဲများဟု သိရလေသည်။

တင်ပြပါအကြောင်းမှာ အမှန်တကယ် သင်္ချိုင်းကုန်းသို့ မူးမူးရူးရူး သွားရောက်ခဲ့ကြသော ကျောင်းသားသုံးဦး၏ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ် ပုဒ်သာဖြစ်ပါသည်။ အသက်အရွယ်ရောက်ရှိလာ၍ စာပေတို့အား လေ့လာဖတ်ရှုခဲ့ရာ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂ ၏ စာမျက်နှာ(၂၃၇)တွင် လိပ်ပြာဆိုသော ခေါင်းစဉ် အောက်လိပ်ပြာထွက်မသွားနိုင်အောင် ဖမ်း ချုပ်ထားလိုသူတစ်ယောက်ကဖြစ်စေ၊ ပယောဂဆရာ ကဖြစ်စေ ချည် ခုနစ်မျှင်ကို ပိတ်ချင်းသီး ခုနစ်လုံးထိုး ကာ မန္တန် ခုနစ်အုပ်စုပ်၍ ချည်မန်းကွင်းလုပ်ပြီးလျှင် လိပ်ပြာဖမ်းချုပ်လိုသူ၏ လည်ပင်း၌ သို့မဟုတ် လက်၌ စွပ်ထားပါက လိပ်ပြာမထွက်နိုင်ဟု အယူ ရှိကြသည်ဟု ဖော်ပြထားလေသည်။ ထို့ကြောင့် အချို့သော အသိအတတ်တို့၏ သဘောကား နား လည်ရန်ခက်ခဲလှသော ဓာတ်သဘောတို့ ရှိနေပါ ကြောင်း တင်ပြမိပါတော့သည်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ကြီးအား အာရုံဖြင့် ဦးခိုက်လျက်

ရဲမျိုးသူ

(ဗောဓိမြိုင်)