ဆွမ်းတော်စွန့်စာကို စားအပ်၊ မစားအပ်

ဆွမ်းတော်စာ စားပြီး ဗုဒ္ဓဝေယျာဝစ္စ မပြုလုပ်လို့ ဘုန်းတန်ခိုးညံ့သွားတာလည်း ဖြစ်နိုင်တယ်။

ပြီးခဲ့သော တန်ဆောင်မုန်းလပြည့်နေ့က ဖြစ်ပါသည်။ ကျွန်မသည် ဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးများ လှူဒါန်းရန် ပြင်ဆင်နေချိန်ဖြစ်လေသည်။ ထိုတန်ဆောင်မုန်းလပြည့်နေ့ သည် အဘမင်းသိင်္ခ ရှိစဉ်ကတည်းက ကျင်းပခဲ့သည့် ဆေးပေါင်းခပွဲတော်ကို ဆရာဇင်ယော်နီ ဦးဆောင်လျက် ရွှေပေါ် ကျွန်းကျောင်းရှိ အဘမင်းသိင်္ခတန်ဆောင်းတွင် ကျင်းပရန် အပြေးအလွှား အလုပ်များနေကြချိန် ဖြစ်လေသည်။

ထို့ကြောင့် မနက်ခပ်စောစောကပင် အိမ်ဘုရား၌ လှူဖွယ်၊ ပြုဖွယ်ကိစ္စများအား ခပ်သွက်သွက်ပင် လုပ်ဆောင်နေရသည်ဖြစ်ရာ သမီးဖြစ်သူအားလည်း အလုပ်တွင် ဝိုင်းကူညီပါရန် စည်းရုံးထားရလေသည်။

ကျွန်မသည် ထိုသို့ဘုရားရှင်အား လှူဒါန်းရန် သစ်သီးများအား ရေဆေးသန့်စင်၍ ဆွမ်းပွဲများပြင်ချိန်တွင် ကိုးနှစ်ခန့်ရှိသေးသော သမီးဖြစ်သူက တတ်စွမ်းသမျှ ဝိုင်းကူရင်း “မေမေ စပျစ်သီးတွေက အချိုသီးလား။ ဟိုတစ်ခါ ဆွမ်းတော်က စွန့်တဲ့ ပျားလိမ္မော်ကတော့ ချဉ်တယ်နော်” စသည်ဖြင့် စကားဆိုလေသည်။ ထိုအခါ ကျွန်မက – “သမီးကို ပြောထားရဦးမယ်။ ဘုရားဆွမ်းတော်စွန့်တာကို စားရင် ဘုရားဝေယျာဝစ္စကို ဝိုင်းလုပ်ရတယ်။ အဲဒီလိုမလုပ်ဘဲ ဆွမ်းတော်စာကို မစားကောင်းဘူး”ဟု ပြောလိုက်လျှင် သမီးက – “သမီးလည်း အဲဒါကိုပဲ မေးချင်နေတာ။ ဟိုနေ့က ကျောင်းကို အသီးတွေထည့်သွားတယ်လေ။ သူငယ်ချင်းတွေကိုလည်း သမီးက ကျွေးတာပေါ့။ ဆွမ်းတော်စွန့်တာတွေကို ထည့်လာတာလို့ ပြောပြတော့ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ ဆွမ်းတော်စာကို မစားကောင်းဘူးတဲ့။ တစ်ယောက်ကတော့ ဆွမ်းတော်စာ စားရင် ဉာဏ်ကောင်းတယ်တဲ့။ နောက်တစ်ယောက်ကလည်း ပြောပြန်တယ် ဆွမ်းတော်စာစားရင် ဉာဏ်ထိုင်းတယ်တဲ့။ တစ်ယောက်က ပြောပြန်တာကတော့ သူတို့အိမ်မှာတော့ ဆွမ်းတော်စာကို စွန့်ပြီးရင် အိမ်ရှေ့က သစ်ပင်ထောင့်မှာ ငှက်တွေကို ကျွေးတာတဲ့။ အမျိုးစုံတွေ ပြောကြတာပေါ့မေမေရယ်။ အဲဒီစကားတွေနဲ့ ပတ်သက်ပြီး သမီးရှင်းရှင်းလင်းလင်း မှတ်လို့ရအောင် မေမေသိတာလေးရှိရင် ပြောပြပါ့လား”ဟု ပြောလေရာ ကျွန်မလည်း ဖတ်မှတ်ဖူးသော တည်တောဆရာတော်ဘုရားကြီး၏ စာပေများထဲမှ ဆွမ်းတော်စာနှင့် ပတ်သက်သော အကြောင်းအရာများအား သတိရမိလေ တော့သည်။ သို့ရာတွင် အလုပ်များ နေချိန်ဖြစ်၍ ညမှသာ ပြောပြနိုင်မည့်အကြောင်း သမီးအား ဖျောင်းဖျရင်း စကားရပ်ခဲ့ရလေသည်။

ထိုနေ့ညက ဆေးပေါင်းခပွဲတော်သည် ည ၇ နာရီခန့်တွင် ပြီးစီးခဲ့သော်လည်း ပစ္စည်းများသိမ်းဆည်းကြရင်းဖြင့် ညဆယ်နာရီကျော်မှ အိမ်သို့ပြန်ရောက်ခဲ့လေသည်။ သမီးသည် သိချင်နေသော အကြောင်းအရာရှိသဖြင့် ကျွန်မအား စောင့်ဆိုင်းနေဟန် ရှိလေသည်။ ထို့ ကြောင့် ကျွန်မလည်း သမီးအား ဆွမ်းတော်စာနှင့် ပတ်သက်သည့်အကြောင်းအရာများအား မှတ်သားမိသမျှ အောက်ပါအတိုင်း ရှင်းပြဖြစ်ခဲ့ပါလေတော့သည်။

ဆွမ်းတော်စာ စားတာနဲ့ပတ်သက်ပြီး မဟာရာဇဝင်တော်ကြီးမှာ ဒီလိုဆိုသတဲ့။ ပုဂံပြည်မှာ အနော်ရထာမင်း မတိုင်မီက အရည်းကြီးရဟန်းများ လွှမ်းမိုးခဲ့တယ်လို့ ဆိုတယ်။ တစ်ရက်မှာ သထုံပြည်က ရဟန္တာ ရှင်အရဟံဟာ ပုဂံပြည်ကို ကြွလာသတဲ့။ အနော်ရထာမင်းကြီးဟာ ရှင်အရဟံကို အလွန်ကြည်ညိုတဲ့အတွက် ရှင်အရဟံရဲ့အမိန့်အတိုင်း ပိဋကတ်သုံးပုံနဲ့ ဓာတ်တော်မွေတော်တွေကို သထုံ မနူဟာမင်းထံ တောင်းခံစေတယ်။ မနူဟာမင်းဟာ ထိပါးလိုသောစိတ်နဲ့ ပိဋကတ်တော်နဲ့ ဓာတ်တော်တွေကို မပေးဘဲ မချေမငံ ပြောဆိုလိုက်သတဲ့။

အဲဒီလို မချေမခံပြောဆိုမှုကြောင့် အနော်ရထာမင်းဟာ သထုံပြည်ကို အလုံးအရင်းနဲ့ ချီတက်ပြီး မင်းနဲ့တကွ သိမ်းပိုက်တော်မူလိုက်သတဲ့။ ပုဂံကို ပြန်ရောက်တဲ့အခါ သထုံက ပါလာခဲ့တဲ့ သူရဲကောင်းတွေ ပညာသည်တွေကို အသီးသီး အစုအကွက်ချပြီး နေစေတယ်။ မနူဟာမင်းကိုတော့ မြင်းကပါအရပ်မှာ အလုပ်အကျွေးနဲ့တကွ ချထားတယ်။

မနူဟာမင်းဟာ စကားပြောရင် ခံတွင်းက စက်ပြောင်ပြောင် အရောင်ထွက်သတဲ့။ အနော်ရထာမင်းထံ မနူဟာမင်းလာရောက်ဦးချတဲ့အခါ ကြက်သီးမွေးညှင်းထပြီး ထိတ်တလန့်လန့် ဖြစ်ရသတဲ့။ ဒါကြောင့် မနူဟာမင်းရဲ့ ဘုန်းတန်ခိုးအာနုဘော် ညံ့ဖျင်းသွားအောင် မနော လင်ဗန်းမှာ စားတော်ကိုပြင် ဘုရားမှာတင်ပြီးမှ မနူဟာမင်းကို အဲဒီဆွမ်းတော်စာကို ကျွေးစေသတဲ့။ ရက်အတော်ကြာလာခဲ့တော့ မနူဟာမင်းရဲ့ စက်အရောင်ဟာလည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒါကိုစိတ်နာပြီး မနုဟာမင်းဟာ သံသရာကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်ရလိုလို့ ဆုတောင်းရင်း ယခုမနူဟာဘုရားကို တည်ထားပြီး သူ့ ကိုယ်သူ လုပ်ကြံသွားတယ်လို့ ရာဇဝင်မှာဆိုတယ်။ အဲဒီသမိုင်းကြောင်းကို စွဲပြီး ဆွမ်းတော်စာ မစားကောင်းဘူးဆိုတဲ့ စကားရပ်ဖြစ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုတယ်။

အမှန်တကယ်တော့ မနူဟာမင်းဟာ ရိုးရိုး ဆွမ်းတော်စာစားလို့ ဘုန်းတန်ခိုး ညံ့သွားတာမဟုတ်ပါဘူး။ ခွေးစာ ကျီးစာ ထည့်ကျွေးတဲ့ သင်ပုတ်ခွက်ပေါ်ကို ဆွမ်းတော်စာကို စွန့်ပြီးမှ မနောလင်ဗန်းထဲ ပြန်ထည့်ကျွေးတဲ့အစာကို စားလို့ ဘုန်းတန်ခိုးညံ့သွားတာ ဖြစ်တယ်လို့ဆိုတယ်။

အသရေမဲ့တဲ့ သင်ပုတ်ခွက်ထဲကို စွန့်လိုက်တဲ့ ဆွမ်းတော်စာကို ပြန်ယူကျွေးလို့ ဘုန်းတန်ခိုးညံ့သွားတာ ဖြစ်နိုင်တယ်လို့ဆိုတယ်။ ဒါမှမဟုတ်ရင်လည်း ဆွမ်းတော်စာ စားပြီး ဗုဒ္ဓဝေယျာဝစ္စ မပြုလုပ်လို့ ဘုန်းတန်ခိုးညံ့သွားတာလည်း ဖြစ်နိုင်တယ်။ ရိုးရိုး ဆွမ်းတော်စာစားရုံနဲ့တော့ ဉာဏ်ကောင်းမကောင်း မဆိုလိုသော်လည်း ဘာမျှလည်း ဖြစ်ဖွယ်မရှိဘူးလို့ ဆရာတော်ဘုရားကြီးရဲ့ စာပေထဲမှာ မှတ်သားရတယ်”ဟု ရှင်းပြလိုက်ရာ သမီးလည်း အတန်အသင့် ကျေနပ်သော အမူအရာကိုပြရင်း နောက်ထပ် မေးခွန်းတစ်ခုသို့ ဆက်ရန်ဟန်ပြင်လိုက်လေရာ ကျွန်မလည်း လက်ကာပြရင်း “တော်ပြီသမီးရေ… မေမေလည်း ပင်ပန်းနေပြီ…၊ နောက်နေ့မှပဲ ဆက်ပြီး ပြောပြမယ်နော်”ဟု စကားစဖြတ်၍ တစ်ခန်းရပ်ခဲ့ပါလေတော့သည်။

ဇင်လဲ့ရည်နွယ်