ရွှေမီးငွေမီး တထိန်ထိန် စီးပွားတက်မယ့်အိမ်

ရှေးမြန်မာကြီးတို့ သတ်မှတ်ခဲ့သော လအလိုက် နေဝင်ချိန်များကို အောက်တွင် ဖော်ပြလိုက်ရပါတော့သတည်း။

ကျွန််ုပ်တို့ ငယ်စဉ်က တန်ဆောင်တိုင်ပွဲတော် ညများ၊ သီတင်းကျွတ်ပွဲတော်ညများဆိုလျှင် အထူး ပျော်ရွှင်ခဲ့ဖူးပါသည်။

အိမ်တိုင်းအိမ်တိုင်းတွင် တစ်နေ့လုံး ဆီမီး ခွက်များ၊ ဖယောင်းတိုင်များ ကိုယ်စီကိုယ်စီ ပြင်ဆင်နေကြရသည်ကပင် ပျော်စရာကောင်းလှပါတော့၏။ ကျွန််ုပ်တို့ငယ်စဉ်က ဖယောင်းတိုင်မှာ ရှားပါး ပစ္စည်းဖြစ်လေ၏။ သမဆိုင်ဆိုသော ဆိုင်မှ ထုတ်ပေးမှသာ သုံးကြရ၏။ ငွေကြေးတတ်နိုင်ကုံလုံသောသူ အများစုသာလျှင် သုံးနိုင်သောပစ္စည်း ဖြစ်လေ၏။ အများစုမှာမူ ရေနံဆီမီးခွက်များကိုသာလျှင် သုံးကြရလေ၏။ ဈေးမှရောင်းသော အသင့်လုပ်ပြီး ရေနံဆီမီးခွက်ကိုပင် ဝယ်ယူ၍ အသုံးပြုရန် ငွေကြေးခက်ခဲသူများမှာ မင်ပုလင်းကဲ့သို့သော ပုလင်းများကို ဖောက်၍မီးစာတပ်ပြီး ရေနံဆီမီးခွက်လုပ်ကြရလေ၏။ ထိုစဉ်က ကျွန််ုပ်တို့ ကျောင်းသူကျောင်းသား အများစုမှာ စာကြည့်စားပွဲပေါ်တွင် မီးခိုး တအူအူ တက်နေသော ရေနံဆီမီးခွက်ဖြင့် စာကျက်ခဲ့ကြရလေ၏။ ရေနံဆီမီးစာမှာ နာရီဝက်ခန့်ကြာလျှင် မှိုင်းများ တက်လာသောကြောင့် မီးတောက်အားမှာ တဖြည်းဖြည်း နည်းလာသဖြင့် ထိုမှိုင်းများကို တုတ်ကလေးဖြင့် ထိုးချရသည်မှာလည်း တစ်လုပ်ဖြစ်လေတော့၏။ မကြာမကြာလည်း ငှက်ပျောဖူးပုလင်းဟုခေါ် သော ဖန်ပုလင်းများနှင့် သိုလှောင်ထားလေ့ရှိသည့် ရေနံဆီကို ရေနံဆီမီးခွက်ထဲသို့ ဖြည့်ပေးရသေး၏။ လျှပ်စစ်မီးမှာလည်း များသောအားဖြင့် နေ့ခင်းတွင်မလာဘဲ ညဘက်ကျမှ ပေးသည်များလည်း ရှိ၏။ ညစဉ်ပင်မရဘဲ အလှည့်ကျရသည်များလည်း ရှိလေ၏။ ထို့ကြောင့် ထိုခေတ်ထိုအခါက ကျွန််ုပ်တို့အိမ်များတွင် ရေနံဆီမီးခွက်ဟူသည်မှာ မရှိမဖြစ်ဇာတ်လိုက်ကျော်ကြီး ဖြစ်ခဲ့ပါလေတော့၏။ ဖယောင်းတိုင်မှာမူ အလွန်ပင် သုံးခဲလှသော ပစ္စည်းဖြစ်လေ၏။ တန်ဆောင်တိုင်ပွဲတော်ရက်များ၊ သီတင်းကျွတ် ပွဲတော်ရက်များတွင်မူ ရေနံဆီမီးခွက်ကိုပင် ပေါပေါများများ မသုံးနိုင်ကြတော့ဘဲ ဆီမီးခွက်များဖြင့် မီးထွန်းကြရလေ၏။ အမေက ဈေးတွင် မြေဆီမီးခွက်ကလေးများ အစိတ် ငါးဆယ် စသည်ဖြင့် ဝယ်လာလေ၏။ ထိုမြေဆီမီးခွက်လေးများကို တစ်နေကုန် ရေတွင် စိမ်ထားကြရ၏။ သို့မှသာ ရေဝပြီးလျှင် ဆီကို မစုပ်တော့မည် ဖြစ်လေ၏။ မီးစာပြုလုပ်ရန်အတွက် ဂွမ်းကိုလည်း အတောင့်ကလေးများ အဆင်သင့် ပြုလုပ်ထားကြရလေ၏။ညနေစောင်းပြီဆိုသည်နှင့် ဘုရားစင်မှစကာ အိမ်အဝင်ဝများ၊ ပြတင်းပေါက်ဘောင်များ စသည်ဖြင့် နေရာအနှံ့တွင် ဆီမီးခွက်များကိုတင်ကာ စားသော ဆီကို လောင်းထည့်ကြ၏။ များသောအားဖြင့် ကျွန််ုပ်တို့ မြေလတ်ဘက်တွင် နှမ်းဆီကို အသုံးများကြလေ၏။ နှမ်းဆီကမှ လေးလေးပင်ပင်ကလေး ရှိသည်ဟု ဆိုကြ၏။ ပဲဆီကို စားလေ့မရှိပေ။ ရန်ကုန်တွင်မူ ပဲဆီကိုသာ အသုံးများလေ၏။ နှမ်းဆီက ခါးသည်ဟု ဆိုကြလေ၏။ ရန်ကုန်ဘက်တွင် နှမ်းဆီဆိုသည်မှာ ဆေးဖော်ဆေးလူးရန်အတွက်သာဟု ထင်မှတ်ကြ၏။ ဆီထည့်ပြီးနောက် ဆီမီးခွက်တွင် မီးစာလေးများကို ထည့်ကြပြီး တပျော်တပါးကြီး ဆီမီးထွန်းကြလေတော့၏။ ပါးစပ်မှလည်း တပျော်တပါး အော်ဟစ်လေ့ရှိကြ၏။ အိမ်တိုင်းအိမ်တိုင်းတွင် ထိုသို့ ပြုလုပ်နေသောကြောင့် တစ်ရပ်ကွက်လုံးမှာ ကျွက်ကျွက်ညံနေလေတော့၏။ ထိုခေတ်ထိုအခါက ယခုကဲ့သို့ ဂက်စ်မီးခြစ်များလည်း မပေါ်သေးပေ။ ဂွမ်းနှင့် ဓာတ်ဆီထည့်ပြီး သုံးရသောကြေးမီးခြစ်၊ ဒန်မီးခြစ်များသာလျှင် ရှိလေ၏။ ရှေးလူကြီးများက ဓာတ်မီးခြစ်ဟု ခေါ်ကြလေ၏။ မြန်မာ့အစဉ်အလာတွင်မရှိခဲ့သေးဘဲ အင်္ဂလိပ်နှင့်အတူ ပါလာသော ခေတ်ပေါ်ပစ္စည်းများကို ရှေးမြန်မာများက ဓာတ်ဟူ၍ တွဲပြီး သုံးပစ်ခဲ့ကြလေ၏။ များသောအားဖြင့် ဘာမှန်းမသိသောအရာများဆိုလျှင် ဓာတ်ဟူ၍လုပ်ပစ်လိုက်ကြလေ၏။ ရေနံဆီမှတစ်ဆင့် တက်လာသောဆီကို ဓာတ်ဆီ၊ ထင်း၊ မီးသွေး မသုံးတော့သော ရထားကို ဓာတ်ရထား၊ ရုပ်ရှင်ကို ဓာတ်ရှင်၊ ထူးထူးဆန်းဆန်း လျှပ်စစ်သိုလှောင်ထားသော အခဲလေးကို ဓာတ်ခဲ၊ ဓာတ်ခဲထည့်၍ မီးလင်းသော အရာကိုဓာတ်မီး … စသည်ဖြင့် အမည်ပေးပစ်ဖြစ်ခဲ့ကြလေ၏။ ရှေးလူကြီးများသာ ရှိနေဦးမည်ဆိုပါလျှင် ဟိုလိုလိုဒီလိုလို ဘာမှန်းမသိသောသမ္မတအား ဓာတ်သမ္မတ၊ ယောင်လည်လည်ဖြစ်နေသော အစိုးရအား ဓာတ်အစိုးရ … စသည်ဖြင့် အမည်ပေးဦးမည်လော မသိနိုင် …။ ကျွန််ုပ်တို့သည် ဓာတ်ဆီနှင့် ဂွမ်းကိုသုံးသော ဓာတ်မီးခြစ်ကြီးများကိုလည်း တဂျောက်ဂျောက်ခြစ်ကာ သုံးခဲ့ကြရဖူးလေ၏။ဆေးပေါ့လိပ်သောက်သော အဘိုးကြီးအဘွားကြီးများဆိုလျှင် ထိုဓာတ်မီးခြစ်များကို သေမတတ် ခြစ်ကြရသောကြောင့် လက်မများတွင် မည်းနေကာ အသားမာများပင် တက်နေလေ့ရှိလေ၏။ အိမ်တိုင်းအိမ်တိုင်းတွင် မီးထွန်းကြသကဲ့သို့ ဘုရားစေတီများတွင်လည်း ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲများနှင့်အတူ လူပရိသတ်များ စည်ကားသောရက် ဖြစ်လေ၏။ ကျွန််ုပ်တို့သည် အိမ်များတွင် မီးထွန်းပြီးသည်နှင့် လမ်းများပေါ်သို့ ပြေးထွက်ကြလေတော့၏။ ကလေးအားလုံးလိုလိုတွင် တုတ်ချောင်းကလေးတပ်၍ လက်နှင့်တွန်းရသော မီးပုံးကလေးများ ရှိနေတတ်ကြ၏။ များသောအားဖြင့် ပိုက်ဆံပေး၍ဝယ်သော မီးပုံးကလေးများမဟုတ်ဘဲ လက်ဖြစ် ကိုယ်တိုင်ဖန်တီးထားကြသည့် မီးပုံးကလေးများသာ များလေ၏။ ထို့အပြင် ဗြောက်အိုးမဖောက်ရဟု မည်သည့် ခေတ်အဆက်ဆက် အစိုးရမင်းများက အမိန့်ထုတ်သည်ဖြစ်စေ ထိုရက်များဆိုလျှင် ကျွန််ုပ်တို့ယောကျာ်းလေးများအားလုံးလိုလို၌ ဗြောက်အိုးများ ကိုယ်စီရှိနေကြလေ၏။ ယခုခေတ်ကဲ့သို့ အသင့်မီးတို့ပြီး ဖောက်နိုင်သော ဗြောက်အိုးဆိုသည်မှာ သူဌေးသား၊ သူဌေး သမီးများသာ သုံးနိုင်သော ပစ္စည်းဖြစ်လေ၏။

ထို့ကြောင့် ကျွန််ုပ်တို့သည် တစ်ပေခန့် ဝါးခြမ်းပြား၏ထိပ်တွင် စက်ဘီးမှ စပုတ်တံနှင့် စပုတ်တံခေါင်းကို သားရေပင်နှင့်ကပ်ပြီး စည်းရ၏။ အိမ်ရိုက်သံကလေးကို အဖျားအနည်းငယ်တုံးအောင် ထုလျက် သားရေပင်ကလေးဖြင့် တွဲလောင်းဆွဲထားရ၏။ ထိုခေတ်က အသုံးများသောနတ်သမီးတံဆိပ်၊ ကင်းမြီးကောက် တံဆိပ်ယမ်းမီးခြစ်ဘူးလေးများကို မုန့်ဖိုးထဲမှ စု၍ဝယ်ကာ မီးခြစ်ဆံခေါင်းမှ ယမ်းကို လက်သည်းဖြင့် ခြွေ၍ စပုတ်တံခေါင်းထဲသို့ ထည့်သိပ်ရလေ၏။ ပြီးနောက် သံချွန်ကလေးကိုတေ့ကာ ကျောက်တုံးစသော အမာခံများပေါ်သို့ အားဖြင့် ရိုက်ချရလေ၏။

ဤသည်မှာပင် ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ကျွန််ုပ်တို့ကလေးများ၏ ဧရာမမဟာကစားစရာကြီး ဖြစ်ခဲ့ရပါလေတော့၏။ ကျွန််ုပ်တို့သည်ထိုသို့လျှင် သီတင်းကျွတ်အခါ ရက်များ၊ တန်ဆောင်မုန်းအခါရက်များ၌ ဆီမီးများ မြိုင်မြိုင်ထွန်း၍ ပျော်ခဲ့ကြရဖူးသကဲ့သို့ အခြားသော ရက်များတွင်လည်း ညနေစောင်းပြီဆိုသည်နှင့် အဘိုးအဘွားများက ဘုရားစင်တွင် ဆီမီးထွန်း၍ နေ့စဉ် ပူဇော်ကြစမြဲ ဖြစ်လေတော့၏။ အဘိုးအဘွားများ မအား၍လည်းကောင်း၊ နေထိုင်မကောင်းဖြစ်၍လည်းကောင်း ဘုရားတွင် မီးမပူဇော်နိုင်သောရက်များ၌ ကျွန််ုပ်တို့ကလေးများအား ထွန်းခိုင်းလေ့ရှိလေ၏။

ကျွန််ုပ်တို့က – “ခဏနေပါဦး အမေကြီးရဲ့ …၊ ပြီးရင် ထွန်းပါ့မယ် …” စသည်ဖြင့် ဆင်ခြေဆင်လက်ပေး၍ အချိန်ရွှေ့လျှင် အဘိုးအဘွားများက – “ဟဲ့ …ကလေးလေး အချိန်မဆွဲနဲ့ …၊ အခု ထွန်းဆို ထွန်းလိုက် …” စသည်ဖြင့် မြည်တွန်လေ့ရှိကြလေ၏။ ထို့နောက် – “အခုထွန်းမှ ရမှာဟဲ့ …၊ နေဝင်းမီးလက် စီးပွားတက်ဆိုတာ မကြားဖူးဘူးလား …၊ နေဝင်ချိန် မှာ မီးထွန်းရတယ် …၊ ဘုရားမှာ ပထမဆုံးစပြီး ပူဇော်၊ ပြီးတော့မှ အိမ်မီးတွေ လိုက်ထွန်း …” ဟု ပြောလေ့ရှိရာ ကျွန််ုပ်တို့က – “နေဝင်တာပဲ အဘကြီးရယ် …၊ ဘာ အချိန်တွေ ရွေးနေရဦးမှာလဲ …” ဟု ပြန်၍ စောဒက တက်လေ့ရှိကြလေ၏။ ထိုအခါ အဘိုးအဘွားတို့က မြန်မာလများအလိုက် နေဝင်ချိန်ဟူ၍ အချိန်နာရီကို သတ်မှတ်ထားကြောင်း၊ ထိုနေဝင်ချိန်တွင် ဘုရားမီး ပူဇော်ခြင်း၊ အိမ်မီးများ ထွန်းညှိခြင်းအားဖြင့် နေဝင်မီးလက် စီးပွားတက်ဟူသော ဆိုထုံးနှင့်အညီ စီးပွားတက်စေနိုင်ကြောင်း ရှင်းပြကြလေ၏။ သို့ပါသောကြောင့် ခုနစ်ရက်သားသမီးများ အနေနှင့် မိမိတို့၏ အိမ်ခန်းအလုပ်ခန်း၊ ရုံးခန်းများတွင် ညနေစောင်း နေဝင်ချိန်၌ ဘုရားမီးပူဇော်၍ ဆုတောင်းခြင်း၊ အိမ်မီးများ၊ ဆိုင်မီးများဖွင့်၍ ဆုတောင်းခြင်းများ ပြုလုပ်နိုင်ကြပါစေရန် အလို့ငှာ ရှေးမြန်မာကြီးတို့ သတ်မှတ်ခဲ့သော လအလိုက် နေဝင်ချိန်များကို အောက်တွင် ဖော်ပြလိုက်ရပါတော့သတည်း။

လအလိုက် နေဝင်ချိန်များ

  • ၁။ တန်ခူးလ – ညနေ ၆းဝဝ နာရီ
  • ၂။ ကဆုန်လ – ညနေ ၆း၁၀ နာရီ
  • ၃။ နယုန်လ – ညနေ ၆း၂၀ နာရီ
  • ၄။ ဝါဆိုလ – ညနေ ၆း၃၀ နာရီ
  • ၅။ ဝါခေါင်လ – ညနေ ၆း၂၀ နာရီ
  • ၆။ တော်သလင်းလ – ညနေ ၆း၁၀ နာရီ
  • ၇။ သီတင်းကျွတ်လ – ညနေ ၆းဝဝ နာရီ
  • ၈။ တန်ဆောင်မုန်းလ – ညနေ ၅း၅၀ နာရီ
  • ၉။ နတ်တော်လ – ညနေ ၅း၄၀ နာရီ
  • ၁၀။ ပြာသိုလ – ညနေ ၅း၃၀ နာရီ
  • ၁၁။ တပို့တွဲလ – ညနေ ၅း၄၀ နာရီ
  • ၁၂။ တပေါင်းလ – ညနေ ၅း၅၀ နာရီ

ဇင်ယော်နီ