ဒေါ်ဝါယောနှင့် အိုးချင်းထား အိုးချင်းထိ

တစ်နေ့သ၌ ကမာရွတ်၊ အေးရိပ်မွန် (၁) လမ်း၊ တိုက်အမှတ်(၁၅) ရှိ ကျွန်ုပ်၏ ဗေဒင်ဟော ခန်းကလေးသို့ ဒေါ်ဝါယောဆိုသည့် လွန်စွာ လျှာ ရှည်လှသော မိန်းမကြီးတစ်ဦးသည် အသက် ၄၀ ခန့် လူတစ်ဦးနှင့်အတူ ရောက်ရှိလာလေ၏။
၎င်းဒေါ်ဝါယောကြီးသည် ခရီးရောက်မဆိုက် မှာပင် သူ၏ရှေ့မှ ရောက်နှင့်နေသော ဗေဒင်မေး ရန်စောင့်ဆိုင်းနေသူများအား –
“ဟောဒီက မောင်တို့မယ်တို့ရယ် အဒေါ့်မှာ သေရေး၊ ရှင်ရေးကိစ္စပါလာလို့ပါ။ အဒေါ်တို့ဟာ အဒေါ်ဆိုရင်တော့ သေရေးရှင်ရေးကိစ္စပေါ့ကွယ်၊ ဆရာနဲ့ အမြန်တွေ့ခွင့်ရလိုက်မယ်ဆိုရင်တော့ ရှင် ရေးရှင်ရေး ဖြစ်သွားမှာပါ။ အဲဒီတော့ လူတစ်ယောက် ရဲ့ အသက်ဟာ မောင်တို့မယ်တို့အပေါ်မှာ မူတည် နေပါတယ်ကွယ်။
အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းပါ တယ်။ ဒါကြောင့် အဒေါ်တို့ ကြားဖြတ်ပြီးဝင်ပါရစေ ကွယ်၊ သူတော်ကောင်းမှန်ရင် အဒေါ်တောင်းပန်တာ ကို ငြင်းဆန်စရာ အကြောင်းမရှိပါဘူး။ တောင်းပန် တာကို ငြင်းဆန်ရင်လည်း ဗြောင်းဆန်အောင် အတင်းရန်တွေ့ပြီးဝင်ရမှာပဲ။ အထောင်းမခံချင်ရင် မကောင်းမကြံချင်ကြနဲ့ကွယ်ရို့” ဟု တောင်းပန်သ လိုလို ခြိမ်းခြောက်သလိုလို စကားများကို စက်သေ နတ်ပစ်ဘိသည့်အလား တရစပ်ပြောလေတော့၏။
ထိုအခါ ဗေဒင်မေးရန် စောင့်ဆိုင်းနေသူများ လည်း ဘာပြန်ပြောရမှန်း မသိသောကြောင့် ပါးစပ် အဟောင်းသားဖြင့် အကြောင်သားငေးကြည့်နေမိကြ လေ၏။ ထိုအခါ ဒေါ်ဝါယောကြီးသည် –
“သာဓုကွယ် သာဓု သာဓု ဆိတ်ဆိတ်နေ ခြင်းဟာ ဝန်ခံခြင်းတဲ့ မောင်တို့မယ်တို့ ဘာမှပြန် မပြောတာဟာ အဒေါ်ပြောတာကို သဘောတူလို့ပေါ့ နော်။ အေးကွယ်သူတော်ကောင်းတွေ ဘေးကင်းချမ်း သာကြပါစေ။ သူယုတ်မာတွေ ဘေးတွေ့ဆင်းရဲကြ ပါစေကွယ်” ဟုပိုင်စိုးပိုင်နင်းပြောလိုက်ပြီးသည့်နောက် ၄င်းနှင့်ပါလာသူ၏ လက်ကိုဆွဲကာ ကျွန်ုပ်၏ စားပွဲ ရှေ့တွင်စွေ့ခနဲဝင်ထိုင်လိုက်လေတော့၏။ ထို့ကြောင့် ကျွန်ုပ်က –
“ဘာဖြစ်လာတာလဲ ဒေါ်ဝါယောရယ်”ဟု မေးလိုက်ရာ ဒေါ်ဝါယောကြီးက –
“ဖြစ်လာတာ မဟုတ်ဘူး ဆရာရေ၊ ပျက် လာတာ ပျက်လာတာ။ သေမတတ်ဖြစ်နေပြီ။ အဲလေ သေမတတ်ပျက်နေပြီ”ဟု ခပ်ညည်းညည်း ကလေး ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က –
“ဒီလောက် သေကောင်ပေါင်းလဲဖြစ်နေရင် လည်း ကျုပ်ဆီကို မလာနဲ့လေဗျာ ဆေးရုံကိုသွားမှ ပေါ့”ဟု ပြောလိုက်လျှင် ဒေါ်ဝါယောကြီးက နှုတ်ခမ်း ကိုစူရင်း –
“ဆေးရုံကိုသွားလို့မရတဲ့ ကိစ္စမို့လို့ပေါ့ ဆရာ ရဲ့။ ဒီကိစ္စက နှလုံးသားကို အရင်းခံတဲ့ဝေဒနာဆရာရဲ့”ဟု ပြန်၍ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က –
“နှလုံးနဲ့ ပတ်သက်တာဆိုရင်လည်း နှလုံး အထူးကုဆရာဝန်ဆီသွားလေဗျာ။ ကျုပ်က နှလုံး ပါရဂူ မဟုတ်ဘူး”ဟု ပြောလိုက်ပြန်ရာ ဒေါ်ဝါယော ကြီးက မျက်စောင်းတစ်ချက်ဒေါက်ခနဲထိုးလိုက်ရင်း-
“ဆရာတို့လည်း အဲဒါခက်တာပဲ။ ဘာတွေ လျှောက်ပြီး ပြောမှန်းလည်းမသိဘူး။ ကျွန်မပြောတာ က အဲဒီနှလုံးရောဂါမဟုတ်ဘူး။ လက္ခဏာဆရာက ပြောတယ် မေရယ် နှလုံးလမ်းကြောင်းမှာ ကျွန်းခံ နေတယ်။ အခန့်မသင့်ရင် ကိုယ့်အသက်တောင် ရန်ရှာတတ်တယ်။ မျက်ကန်းအချစ်သမားတဲ့” ဆိုတဲ့ ရောဂါကိုပြောနေတာ။
“အဲဒီမျက်ကန်းအချစ်ကြောင့်ပဲ သေမတတ် ဖြစ်နေလို့ ဆရာရဲ့ ဆရာမှမကယ်ရင် သေဖို့ပဲရှိပါ တော့တယ်”ဟု ပြောလေ၏။
ကျွန်ုပ်လည်း ဒေါ်ဝါယောကြီးအားကြည့်၍ ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ တကျွတ်ကျွတ် စုတ်သတ်ရင်း –
“ဪ… အဖြစ်ဆိုးလှချည်လား ဒေါ်ဝါယော ရယ်၊ တရားနဲ့ဖြေမှပေါ့ဗျ” ဟု ပြောလိုက်လျှင် ဒေါ် ဝါယောကြီးက ခါးကိုထောက်လျက် –
“ဖြေလို့မရလို့ပေါ့ဆရာရဲ့၊ ကိုယ့်ဟာကိုယ် ဖြေလို့ရရင် ဆရာ့ဆီကို လာစရာအကြောင်းတောင် မရှိဘူး။ မရလို့လာပြီးအားကိုးရတာပေါ့။ ဆရာတို့ဟာ လေ တော်တော်ဈေးကိုင်တာပဲ”ဟု ရန်တွေ့သံက လေးဖြင့်ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က
“ဘယ်လိုဖြစ်ရတာလဲဗျာ၊ကိုယ့်မှာသားသမီး တွေလည်း တော်တော်အရွယ်ရောက်နေပြီ။ သမီး တွေနဲ့အပြိုင်အချစ်ပင်လယ်မှာလက်ပစ်ကူးဦးမလို့လား၊ ဒီအရွယ်ကြီးကျမှမကူးပါနဲ့ဗျာ။ ပင်ပန်းပါတယ်။
ကျုပ်တို့လည်း ငယ်ငယ်တုန်းကတော့ မိုက် မိုက်မဲမဲ ကူးခဲ့ဖူးတာပေါ့ဗျာ။ လက်ပစ်ကူးတယ်ဆိုတာ အင်မတန် ပင်ပန်းတဲ့အလုပ်ကလားဗျ။ လှေတွေရှိ တာပဲဗျာ။ ခင်ဗျားအနေနဲ့ မနေနိုင်မထိုင်နိုင် အချစ် ပင်လယ်ကို ကူးချင်တယ်ဆိုရင်လည်း ကျုပ်ဦးလေး တစ်ယောက်နဲ့ ဆက်သွယ်ပေးမယ်။ သူက လှေထိုး သားဗျ။ တော်တော် ကျွမ်းကျင်တယ်။ အခုတော့ သူ့လှေက အပေါင်ဆုံးသွားလို့ ဒီအတိုင်း ငုတ်တုတ် ထိုင်နေရရှာတယ်” ဟု ပြောလိုက်ရာ ဒေါ်ဝါယော ကြီးက မျက်စောင်းတစ်ချက် ထိုးလိုက်ပြန်ရင်း –
“ဆရာ ဘာတွေ လျှောက်ပြောနေတာလဲ။ ဆရာပြောတဲ့ အချစ်ပင်လယ်ကူးရမှာက ကျွန်မ မဟုတ်ဘူး သူ သူ” ဟု ဆိုကာ ဘေးက ပါလာသူ အား လက်ညှိုးထိုးပြလေ၏။ ထို့နောက်တစ်ဆက် တည်းမှာပင် –
“ဒီလိုဆရာရဲ့၊ သူက အသက်လေးဆယ် ကျော်နေပြီ။ သူငယ်ငယ်လေးကတည်းက ထိန်းပေး ခဲ့ရတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်။ ရှိတယ် အထိက ကိစ္စမရှိပါဘူး။ ကလေးမလေး အရွယ် ရောက်လာတဲ့အခါကျတော့ တိုတိုပြောရရင် ချစ်ကြိုး သွယ်မိကြတာပေါ့ဆရာရယ်။
တကယ်က ဟောဒီလူပျိုကြီးရဲ့ လှေငုတ်ကို ကောင်မလေးရဲ့ ချစ်ကြိုးက လာပြီးချည်တာပါ။ လူပျို ကြီးကလည်း ရူးမတတ် ချစ်မိတော့တာပေါ့ဆရာ ရယ်။ အဲဒီလို အချစ်ကြီးချစ်ပြီးကြခါမှ ကောင်မလေး ရဲ့ မိဘတွေက လုံးဝသဘောမတူနိုင်ဘူးတဲ့။ အဒေါ် ဖြစ်သူတွေကလည်း လုံးဝမပြောနဲ့၊ လုံးပိန်တောင် သဘောမတူနိုင်ဘူးတဲ့။
အဲဒီမှာ ကျွန်မတို့လူပျိုကြီးကလည်း ရူးတော့ တာပဲ ဆရာရေ။ ရူးလွန်းမက ရူးတော့ အရက်တွေပါ သောက်ပြီး မူးလည်းမူးတော့တာပဲ။ အရူးအမူးဆိုတာ ဖြစ်သွားတာတော့ပေါ့ ဆရာရယ်၊ ကောင်မလေးက လည်း လူကြီးမိဘတွေရဲ့ စကားကို နားဝင်သွား တယ်။ သူ့ကိုမေ့လိုက်တော့လို့ ပြောသတဲ့။ လူပျို ကြီးလည်း သတ်သေတော့မလို ဖြစ်နေပြီ။ အဲဒါ ကြောင့် ဆရာ့ဆီကို ခေါ်လာတာပါ” ဟု မမောနိုင် မပန်းနိုင် ပြောပါလေတော့၏။
ကျွန်ုပ်လည်း ထိုပြဿနာကို မည်သို့ဖြေရှင်း ပေးရပါအံ့ဟု အကြံရ ကျပ်နေလေ၏။ ကျွန်ုပ်သိဖူး သမျှသော နည်းအမျိုးမျိုးကို တစ်ခုပြီးတစ်ခု အပြန် အလှန် စဉ်းစားနေမိလေတော့၏။
ထိုအခိုက်မှာပင် အခန်းရှေ့မှ ဖြတ်သွားသော မိန်းကလေးနှစ်ဦး အချင်းချင်း ပြောဆိုသွားကြတာ စကားသံတို့သည် ကျွန်ုပ်၏ နားအတွင်းသို့ ဝင်လာ လေတော့၏။
၎င်းတို့ပြောသည့်အထဲတွင် “အိုးချင်းထား တော့ အိုးချင်းထိတာပေါ့ဟယ်၊ ကြိုးချင်းထားတော့ လည်း ကြိုးချင်းငြိတာပေါ့ဟယ်”ဟူသော စကားလုံး သည်ပါလေ၏။
ကျွန်ုပ်၏ ဦးခေါင်းအတွင်းဝယ် ဥာဏ်တစ်ချက် လက်သွား၏။ ကျွန်ုပ်တို့သည် မည်သည့်ကိန်း ခန်းကို အသုံးပြု၍ ဗေဒင်ဟောပြောသည် ဖြစ်စေ နိမိတ်ကိုမူ အလေးအနက်ထားရ၏။ အတိတ်နိမိတ် စနည်းတဘောင်တို့၏ စကားကို နားထောင်ရ၏။
ကျွန်ုပ်သည် အတိတ်နိမိတ်တို့၏ သဘောကို အလေးအနက်စဉ်းစားရင်း ဒေါ်ဝါယောနှင့် ပါလာ သောလူပျိုကြီး၏ အချစ်ရေးကိစ္စ အဆင်ပြေစေရန် အစီအရင်တစ်ခုကို ပြောပြခဲ့လေ၏။
ထိုအစီအရင်မှာ အတာအိုးလေးနှစ်အိုးတွင် တစ်လုံးကို ရွှေရောင်သုတ်၍ တစ်လုံးကို ငွေရောင် သုတ်ခိုင်းလိုက်၏။ ရွှေရောင်အိုးတွင် ယောကျာ်းလေး ၏ ဓာတ်ပုံကိုကပ်ခိုင်း၏။ ငွေရောင်အိုးပေါ်တွင် မိန်းကလေး၏ဓာတ်ပုံကို ကပ်ခိုင်း၏။ ယောကျာ်း၏ အိုးထဲတွင် မွေးနံပန်းကို ထိုးခိုင်း၏။
ဥပမာ တနင်္ဂနွေသားဆိုပါက အုန်းခြောက် ညွန့်၊ တနင်္လာသားဆိုပါက ကံ့ကော် ၁၅ ညွန့်၊ အင်္ဂါသားဆိုပါက စံပယ် ရှစ်ညွန့် သို့မဟုတ် ဇော်စိမ်း ရှစ်ညွန့်၊ ဗုဒ္ဓဟူးသားဆိုပါက ရွက်လှ ၁၇ ညွန့်၊ ကြာသပတေးသားဆိုပါက မေမြို့ ၁၉ ပွင့် သို့မဟုတ် ပိတောက် ၁၉ ညွန့်၊ သောကြာသားဆိုပါက သပြေ ၂၁ ညွန့်၊ စနေသားဆိုပါက နှင်းဆီ ၁၀ ပွင့် စသည် ဖြင့် ဖြစ်လေတော့၏။
မိန်းကလေး၏ အိုးထဲတွင်လည်း မိန်းကလေး ၏ မွေးနံပန်းကို ထိုးခိုင်းလေ၏။
ပြီးနောက် ထိုအိုးနှစ်လုံးကို စားပွဲတစ်လုံးပေါ် ၌ အိုးချင်းထိအောင် တင်ထားခိုင်းလိုက်လေ၏။ ထိုအိုးနှစ်လုံး၏ အောက်တွင်မူ ထိုအစီအရင်ကို ဆောင်ရွက်လိုသူ (မိမိ)၏ လက်တစ်လံ အပ်ချည် ကြိုး(ကိုး) ခေါက်ကို အဖျားချင်း ပေါင်းချည်ပြီးနောက် စက်ဝိုင်းနှစ်ဝိုင်းပုံ အလိမ်ကလေးဖြစ်အောင် ပြုလုပ် ၍ ခံထားခိုင်းလိုက်လေ၏။ ထိုအစီအရင်ကို စားပွဲ ပေါ်တွင် တစ်ပတ်တိတိ ထိုအတိုင်း တင်ထားခိုင်း လိုက်လေ၏။
ကျွန်ုပ်သည် အထက်က ဆိုခဲ့သောနည်းကို ဒေါ်ဝါယောနှင့် ပါလာသော လူပျိုကြီးအား အသေး စိတ်ပြောပြလိုက်လေ၏။ ထိုလူပျိုကြီးလည်း စိတ် အားထက်သန်စွာဖြင့် အတိအကျ ရေးမှတ်လေ၏။ ထို့နောက်တွင်ကား ကျွန်ုပ်အား နှုတ်ဆက်ပြီးနောက် ပြန်သွားကြလေတော့၏။
ထိုသည်မှ ၁၅ ရက်ကျော်မျှကြာလျှင် ဒေါ်ဝါ ယောကြီးနှင့် ထိုလူပျိုကြီးတို့သည် ကျွန်ုပ်ထံ ပြန် ရောက်လာကြလေ၏။ ၄င်းတို့နှင့်အတူ မော်ဒယ် လေးတစ်ဦးကဲ့သို့ ဝတ်စားထားသော မိန်းကလေး တစ်ဦးလည်း ပါလာလေ၏။
လူပျိုကြီးသည် ပြုံးပြုံးပြုံးပြုံးဖြင့် ကျွန်ုပ်၏ ဟောခန်းထဲသို့ ဝင်လာလေ၏။ ထို့နောက် ခရီး ရောက်မဆိုက် ပြောလိုက်သော စကားသည် –
“ဆရာရေ ကျွန်တော်တို့အတွက် မင်္ဂလာ ရက်ကလေး ရွေးပေးပါဦး” ဟူ၍ ဖြစ်ပါလေတော့ သတည်း။

သဗ္ဗေဓမ္မာ
ဇင်ယော်နီ