စားသောက်ဆိုင်တွေမှာ မသုံးသင့်တဲ့အရောင်

သုတေသနလုပ်ထားကြတဲ့ ပညာရှင်တွေရဲ့ အဆိုအရဆိုရင် အဝါရောင်ကိုမြင်လိုက်တဲ့အခါမှာ ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်တယ်တဲ့ …၊

ကျွန်ုပ်တွင် လွန်စွာ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အိမ်နီးချင်းသုံးဦး ရှိလေ၏။ ၎င်းအိမ်နီးချင်းများမှာ မူလတန်းအရွယ် ကျောင်းသားငယ်လေးများသာ ဖြစ်ကြလေ၏။

၎င်းတို့သည် ညနေကျောင်းဆင်းပြီဆိုလျှင် လွယ်အိတ်များကို အိမ်၌ထားကာ ကျွန်ုပ်ထံသို့ အပြေးကလေး ရောက်လာတတ်ကြစမြဲဖြစ်၏။ ကျွန်ုပ်က ၎င်းတို့အား မုန့်ပဲသွားရေးစာများ အဆာပြေကျွေးရ၏။ ၎င်းတို့ သိလို၍ မေးမြန်းလာသမျှများကို စိတ်ရှည်လက်ရှည်နှင့် ဖြေကြားပေးရ၏။ တစ်ခါတရံတွင်လည်း ကျွန်ုပ်ကပင် ၎င်းတို့အား မှတ်သားသင့် မှတ်သားရာများကို ပြောပြရသည်များလည်း ရှိလေ၏။

၎င်းတို့သုံးဦးတွင် မိရွှေပုဟူသော ပိန်သေးသေးသူငယ်မလေးသည် အရာရာကို စူးစမ်းစပ်စု လေ့လာတတ်၏။ ထို့ကြောင့် ကျွန်ုပ်က စပ်စပ်စုစု မိရွှေပုဟု ချစ်စနိုး ခေါ်လေ့ရှိလေ၏။

တာတီးဆိုသော ပိန်ရှည်ရှည် သူငယ်လေးမှာမူ လွန်စွာ သွက်လက်ချက်ချာ ဖျတ်လတ်၏။ ထို့ကြောင့် ကျွန်ုပ်က ချက်ချက်ချာချာ တာတီးဟု ချစ်စနိုး ခေါ်လေ့ရှိလေ၏။

ဘုတ်ဆုံမဟူသော ဝဝတုတ်တုတ် သူငယ်မလေးမှာမူ အေးတိအေးစက်နိုင်သည်ဟု ထင်ရသော်လည်း အရာရာကို တွေးတွေးဆဆ ချင့်ချင့်ချိန်ချိန်လိုက်ပြီး စဉ်းစားတတ်သောကြောင့် ကျွန်ုပ်က တွေးတွေးဆဆ ဘုတ်ဆုံမဟု ချစ်စနိုး ခေါ်လေ့ရှိလေ၏။

ညနေစောင်းတစ်ခုသ၌ ကျွန်ုပ်သည် အိမ်ရှေ့ရှိ ဂမုန်းပင်လေးများကို ရေလောင်းနေစဉ် ထို အိမ်နီးချင်းကလေးများသည် အပြေးကလေး ရောက်လာကြလေတော့၏။

“ဘဘ… ကျွန်တော်တို့လည်း ဝိုင်းပြီး ရေလောင်းပေးမယ်လေ…” ဟု ချက်ချက်ချာချာ တာ တီးက ပြောပြောဆိုဆိုပင် ကျွန်ုပ်၏လက်ထဲမှ ရေပိုက်ကို ဆွဲယူပြီး အပင်များကို ရေလောင်းလေ၏။  ထိုအခါ စပ်စပ်စုစု မိရွှေပုက –

“သမီးလည်း သစ်ပင်လေးတွေ စိမ်းနေတာကိုတွေ့ရင် အရမ်းကြိုက်တာပဲ…၊ သမီးရဲ့သူငယ် ချင်းတွေလည်း အစိမ်းရောင်ဆိုရင် ကြိုက်တဲ့လူ များတယ်…၊ အဲဒါ ဘာလို့လဲ ဘဘ…”ဟု မေးရာ ကျွန်ုပ်က –

“ဒီလို မိရွှေပုလေးရဲ့…၊ တို့ကမ္ဘာပေါ်မှာ နေရာအနှံ့မှာ ဖုံးလွှမ်းနေတာက သစ်ပင်သစ်တော တွေများတယ်…၊ လူတစ်ယောက်ဟာ ဘေးပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်လိုက်ရင် အများစုမြင် နေရတာက သစ်ပင်တွေရဲ့အစိမ်းရောင်ပဲ …၊

အဲဒီတော့ လူတွေမှာ မသိစိတ်ဆိုတဲ့အရာက သစ်ပင်တွေရဲ့ အစိမ်းရောင်ကို စွဲလန်းနေတတ်တဲ့ အတွက် အများစုဟာ အစိမ်းရောင်ကို နှစ်သက်တတ် ကြတာ…”ဟု ရှင်းပြလိုက်ရလေ၏။ ထိုအခါ ဘုတ်ဆုံမကလေးက –

“သမီးကတော့ အနီရောင်ကို ပိုကြိုက်တယ်၊ သမီးတို့အမျိုးတွေထဲမှာကျတော့ အနီရောင်ကိုကြိုက်တဲ့လူက ပိုများတယ် …၊ အဲဒါကရော ဘာဖြစ်လို့လဲဘဘ…”ဟု ဝင်၍မေးရာ ကျွန်ုပ်က –

“အဲဒါကကျတော့ ဒီလိုဘုတ်ဆုံမရဲ့…၊ သတ္တဝါတွေရဲ့ခန္ဓာကိုယ်ထဲမှာ သွေးဆိုတဲ့အရာရှိ တယ်…၊ တစ်နည်းအားဖြင့်ပြောရရင် အဲဒီသွေးဆိုတာ အသက်ဓာတ်ပဲ..၊ သွေးရဲ့အရောင်က အနီရောင် ဖြစ်နေတယ်…၊ သတ္တဝါတွေရဲ့ ရှင်သန်ရေးမှာ အနီရောင်ရှိတဲ့သွေးဟာ မရှိလို့ကိုမရတဲ့ အရာပဲ…၊ အဲဒါကြောင့် လူတွေဟာ အစိမ်းရောင်ကို ချစ်ခင်နှစ်သက်တတ်ပြီး သွေးကို အလေးအနက်ထားတဲ့ အသိစိတ်ကြောင့် အနီရောင်ကိုကျတော့ စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြတယ်…၊

ဒါကြောင့် လူတွေ နက်နက်ရှိုင်းရှိုင်း နှစ်သက်တတ်တဲ့အရောင်ကို ပြောပါဆိုရင်တော့ အနီရောင်လို့ ပြောရမှာပဲ…၊ အဲဒါကြောင့်လည်း ကမ္ဘာပေါ် မှာရှိတဲ့ တိုင်းပြည်အများစုဟာ သူတို့ရဲ့အလံတော်တွေမှာ အနီရောင်ကိုတော့ အနည်းနဲ့အများ ထည့်သွင်းထားတတ်ကြတယ် ဘုတ်ဆုံမလေးရဲ့…” ဟု ရှင်းပြလိုက်ရလေ၏။

ထို့နောက် ကျွန်ုပ်တို့သည် သစ်ပင်များ ရေလောင်းခြင်းကို ရပ်နားလိုက်ကြ၏။ ကလေးငယ် သုံးဦးအား အဆာပြေအဖြစ် ဖီးကြမ်းငှက်ပျောသီး မှည့်တစ်လုံးစီ ကျွေးရလေ၏။ ကလေးများသည် ငှက်ပျောသီးကို နှစ်ခြိုက်စွာစားကြရင်း စပ်စပ်စုစု မိရွှေပုလေးက –

“အိမ်က ဘွားဘွားကပြောတယ်…၊ ငှက်ပျောသီးစားရင် သတိထားတဲ့…၊ ရင်ပြည့်ရင်ကယ် ဖြစ်တတ်တယ်တဲ့ …၊ အဲဒါ ဘာလို့လဲဘဘ ..” ဟု အမေးထုတ်လေတော့၏။ ကျွန်ုပ်လည်း ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း –

“အဲဒါကကျတော့ ဒီလိုကွဲ့ …၊ ငှက်ပျော သီးမှာပါတဲ့ ဓာတ်တွေကြောင့် အစာကျေဖို့ခက်တာ မျိုး ဖြစ်နိုင်သလို အရောင်ရဲ့သဘောလည်း ပါနေသေးတယ်ကွဲ့ …၊

သုတေသနလုပ်ထားကြတဲ့ ပညာရှင်တွေရဲ့ အဆိုအရဆိုရင် အဝါရောင်ကိုမြင်လိုက်တဲ့အခါမှာ ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်တယ်တဲ့ …၊

အဲဒါကြောင့် အဝါရောင်အသီးတွေကို စားတဲ့အခါ အစာမကျေ ဖြစ်လေ့ဖြစ်ထ ရှိတယ်…၊ ပြီးတော့ စားသောက်ဆိုင်တွေမှာ နံရံကို အဝါရောင်ကြီး ခြယ်ထားတာတို့၊ ပန်းကန်ခွက်ယောက်တွေ၊ စားပွဲခင်းတွေက အဝါရောင်တွေဖြစ်နေရင် စားချင်သောက်ချင်စိတ် ကုန်သွားတာတို့ ဖြစ်တတ်တယ်ကွဲ့” ဟု ရှင်းပြလိုက်ရလေ၏။ ထိုအခါ ချက်ချက် ချာချာ တာတီးက –

“ဟုတ်ပြီ.. ဟုတ်ပြီ…၊ ကျွန်တော်တို့ အဒေါ်က ထမင်းဆိုင်ဖွင့်ထားတာ၊ သူက အဝါရောင်ကို ကြိုက်လို့ဆိုပြီး တစ်ဆိုင်လုံး ဆေးအဝါရောင်တွေ သုတ်ထားတယ်…၊ စားပွဲခင်းတွေကလည်း အဝါရောင်တွေပဲ…၊ ဪ… အဲဒါကြောင့် သူ့ဆိုင်မှာ အများကြီးမရောင်းရဘဲ ဖြစ်နေတာကိုး၊ အခုကိုပဲ အဒေါ့်ဆီကို သွားပြောလိုက်မယ်…” ဟု ပြောကာ ထိုင်ရာမှထ၍ အပြေးကလေးထွက်သွားလျှင် ဘုတ်ဆုံမ၊ မိရွှေပုဟူသော ကလေးမလေးများကလည်း –

“ငါတို့လည်း လိုက်မယ် …” ဟု ပြောပြောဆိုဆိုနှင့် ရွှင်လန်းပေါ့ပါးသော ခြေလှမ်းများနှင့်အတူ  ပြေးထွက်သွားကြပါလေတော့သတည်း။   ။