ရိုစီမပြောပြတဲ့ ရန်ငြိုးတစ်ထောင် ငြိမ်းအေးအောင်

တစ်နေ့သ၌ လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်း မကြီး ဘူတာရုံလမ်းမှတ်တိုင်အနီး အေးရိပ်မွန် ၁လမ်း ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးရှိ ရာသို့ ရိုစီမဟူသော အူကြောင်ကြောင် မိန်းကလေး တစ်ဦး ရောက်ရှိလာခဲ့လေ၏။

ထိုအချိန်၌ ကျွန်ုပ်သည် ချဲလ်ဒင်း အန် ဆိုက် ကလိုပီးဒီးယား ဟုခေါ်သော ကလေးများအတွက် စွယ်စုံကျမ်းဟူသည့် အင်္ဂလိပ်စာအုပ်ထူကြီးတစ်အုပ် ကို ပိဿာချိန်နှင့်ရောင်းသော ဆိုင်တစ်ဆိုင်မှ တွေ့ ၍ ဝယ်ယူလာကာ အသည်းအသန်ကြည့်ရှုနေလေ ၏။ ကျွန်ုပ်သည် အင်္ဂလိပ်စာအရာ၌ နုံဖျင်းလှသော ကြောင့် စာအုပ်ကို မဖတ်ရှုနိုင်ပါ။ အရုပ်များစုံလင်လှ သောကြောင့်သာ စိတ်ဝင်စားစွာဖြင့် ဟိုကြည့်ဒီကြည့်   ကြည့်ရှုနေခြင်း ဖြစ်လေတော့၏။ ထိုအချိန်၌ ရိုစီမ ရောက်လာခြင်းဖြစ်၏။

“ဂွတ်ဒ်မောနင်း မင်္ဂလာပါ ဆရာရေ” ဟု ၄င်းက အင်္ဂလိပ်တစ်ခြမ်း မြန်မာတစ်ပိုင်း နှုတ်ခွန်း ဆက်သလေ၏။ ထို့နောက် ၄င်းကပင် –

“အောင်မယ် ဘာတွေများ သဲကြီးမဲကြီး ဖတ်နေတာလဲလို့။ လတ်စသတ်တော့ ကလေးတွေ ဖတ်တဲ့ စာအုပ်ကို ဖတ်နေတာပါလား”ဟု ပြော လျှင် ကျွန်ုပ်က –

“ဟုတ်တယ် မယ်မင်းကြီးမရေ … သူတို့ ဆီမှာတော့ ကလေးတွေအတွက်ဆိုပြီး ထုတ်ထား တာပဲ၊ ငါတို့ဆီမှာကတော့ အခြားလူကြီးတွေကို မဆို လိုပါဘူး။ ငါ့အတွက်ကတော့ ကျကျနနတောင် မမြင်ဖူးလို့ အခုမှ မြင်ဖူးတွေ့ဖူးတယ်ရှိအောင် မျက်စိ နဲ့ မိတ်ဆက်ပေးနေတာ”ဟု ပြန်၍ ပြောရလေ၏။ ထို့နောက် ကျွန်ုပ်ကပင် ဆက်လက်၍ –

“နေစမ်းပါဦး၊ ပျောက်ချက်သားကောင်းလှ ချေလား။ ဘယ်တွေကို သဝေထိုးနေတာလဲ”ဟု မေးလိုက်ရာ ရိုစီမက –

“အနှံ့ပဲ ဆရာရေ … မြန်မာပြည် ထက် အောက် ကြေညာ စုံလို့ပါပဲ။ ဆရာ ပြောသလို ဆိုရင်တော့ လျှောက်ပြီး သဝေထိုးတာပေါ့၊ ကိုယ့် ဟာကိုယ် သာသာထိုးထိုးလေး ပြောရရင်တော့ ဘုရားစုံ လျှောက်ဖူးတာပေါ့။ အဲဒီထက်ပိုပြီး ပြောရ ရင်တော့ ဂန္ဓာရီ လှည့်တာပေါ့ဆရာရယ်။ အမျိုး တွေကတော့ ကျွန်မကို ဂျလေဘီတဲ့။ ရွယ်တူတန်း တူ ကောင်လေး၊ ကောင်မလေးတွေကတော့ ဂျပ်ပစီမ တဲ့။ ရပ်ကွက်ထဲက ပြောကြတာကတော့ လမ်းသလားတာတဲ့။ ထောင်ထဲက ဘန်းစကားနဲ့ ပြောရရင်တော့ လျှောက်ပြီး ဂျလန်းနေတာပေါ့ ဆရာရယ်”ဟု အဆက်မပြတ် ပြောပါလေတော့၏။ ကျွန်ုပ်လည်း သဘောကျစွာဖြင့် ပြုံးမိရင်း –

“ဟောဒီက ကလေးစွယ်စုံကျမ်းလိုမျိုး နင် ကလည်း စွယ်စုံကျမ်းတစ်အုပ် ပြုစုဖို့တောင်ကောင်း နေပြီ”ဟု ပြန်၍ပြောလိုက်လျှင် ရိုစီမက –

“အဲဒါတွေ အသာထားပါ ဆရာရယ်၊ အခု ပဲ ဆရာ့ဆီက ပြန်တာနဲ့ ဘူတာရုံကိုဆင်းမယ်။ အချိန် သိပ်မရဘူး။ ရန်ကုန်ကို ပြန်ရောက်တုန်းလေး ဆရာ့ ဆီကို ဝင်လာတာ။ အခုကျွန်မရွတ်ပြမယ့် စာကြောင်း လေးတွေကို ဆရာနောက်က လိုက်ရွတ်ပြီး အလွတ်ရ အောင် ကျက်ထားပါ။ တစ်ချိန်ချိန်မှာ ဆရာ့အတွက် ပဲဖြစ်ဖြစ်၊ ပရိသတ်အတွက်ပဲဖြစ်ဖြစ် အများကြီး အသုံးတည့်လာပါလိမ့်မယ်”ဟု ပြောလေ၏။

စောစောပိုင်းက ၄င်း၏ မျက်နှာသည် တောမ ရောက်တောင်မရောက် အူကြောင်ကြောင် ကျပ်မ ပြည့်သည့် ကလေးမလေးတစ်ဦး၏ မျက်နှာမျိုး ဖြစ်ခဲ့သော်ငြားလည်း ထိုစကားကို ပြောလိုက်သည် နှင့် တစ်ခဏတွင်မူ ၄င်း၏မျက်နှာသည် ရင့်ကျက် လှသော တက္ကသိုလ်ဆရာမကြီး တစ်ဦးအလား ရုတ်ချည်းပင် တည်ကြည်သွားသည်ကို သတိပြုလိုက် မိလေ၏။

ရိုစီမသည် အသက်ကို ဖြည်းညင်းစွာ ရှူ လိုက် ထုတ်လိုက်လုပ်နေ၏။ ထိုသည်နှင့်အမျှ သူမ ၏ မျက်နှာကလေးသည်လည်း ပို၍တည်ငြိမ်အေး ချမ်းလာလေတော့၏။ ထို့နောက်တွင်ကား ရိုစီမသည် အင်္ဂလိပ်စကားအချို့ကို ကဗျာရွတ်သကဲ့သို့ ပါးစပ် မှ အသံနေအသံထားဖြင့် တတွတ်တွတ်ရွတ်ဆိုလေ တော့၏။ ကျွန်ုပ်သည် နဂိုကမှ အင်္ဂလိပ်စာနှင့် အလှမ်းဝေးရသည့်အထဲ သူမ ရွတ်ဆိုနေသည်မှာ ဗလုံးဗထွေးဖြစ်နေသောကြောင့် ဘာတွေရွတ်နေ သည်ကို လုံးဝ နားလည်နိုင်စွမ်းမရှိခဲ့ပါ။

ထို့နောက်တွင်မှ ရိုစီမသည် အောက်ပါအ တိုင်း မြန်မာသံ ပီပီသသဖြင့် ဆွဲဆွဲငင်ငင်ကလေး ရွတ်ဆိုပြပါလေတော့၏။

“အေးစေခဲစေ မဘယ်သူရေ

နင့်ရန်ငြိုးတွေ ပြေတော့လေ …

နင်ရောငါပါ ငြိမ်းချမ်းကြ

အာဃာတတွေ

ကျေပြီပ”

၎င်းက ရှေ့မှနေ၍ ရွတ်ဆိုပြ၏။ ကျွန်ုပ်က သူငယ်တန်းကျောင်းသားကလေးကဲ့သို့ လိုက်၍ ရွတ် ဆိုရလေ၏။ ခုနစ်ခေါက်မျှ ရွတ်လိုက်သောအခါ မှတ်ဥာဏ်နုံ့နဲလှသော ကျွန်ုပ်သည်ပင်လျှင် ကောင်း စွာ အလွတ်ရသွားလေတော့၏။

“အဲဒီဂမ္ဘီရလင်္ကာလေးကို ဆရာ အလွတ် ကောင်းကောင်းရပြီနော်”ဟု ရိုစီမက ပြောလျှင် ကျွန်ုပ်လည်း ခေါင်းညိတ်ပြလိုက်လေ၏။ ထိုအခါ ရိုစီမက –

“ဒီလိုဆရာရဲ့ …တစ်ခါတလေမှာ နှစ်ဦး နှစ်ဖက် အဆင်မပြေကြလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အထင်လွဲပြီး တစ်ဖက်သတ်ကြီးပဲ ဖြစ်ဖြစ်၊ ဒါမှ မဟုတ်ရင်လည်းပဲ ဘေးပတ်ဝန်းကျင် အတွန်းအ တိုက်တွေကြောင့်ဖြစ်ဖြစ် ကိုယ့်အပေါ် ဇွတ်အတင်း ကိုပဲ မလိုမုန်းထား အငြိုးအာဃာတကြီးသူတွေ ပေါ် လာတတ်တယ်။ လောကရဲ့ သဘာဝအရကိုပဲ ဒါမျိုး ဆိုတာက တစ်ချိန်မဟုတ်တစ်ချိန် ကြုံလာတတ်တာ ပါပဲဆရာရယ်။

တစ်ခါတလေမှာ ကိုယ့်အပေါ် အငြိုးအာ ဃာတထားနေသူက ကိုယ်နဲ့တန်းတူရွယ်တူ၊ အဆင့် အတန်းတူရှိတတ်သလို တစ်ခါတလေ ကျတော့ လည်း ကိုယ့်ထက်နိမ့်သူ၊ ငယ်သူ၊ အားနွဲ့သူမျိုး လည်းရှိတတ်ပြန်တယ်။ တစ်ခါတလေများ ကျတော့ လည်း ကိုယ့်ရဲ့မိဘလို၊ ဆရာလို၊ ကြီးကဲသူလို၊ အလုပ်ရှင်လို၊ အထက်အရာရှိပုဂ္ဂိုလ်မျိုးရဲ့ အထင် လွဲမှားမှု၊ အငြိုးအာဃာတ ထားမှုဆိုတာမျိုးလည်း  ကြုံနိုင်တာပေါ့ ဆရာရယ်၊

အဲဒီလိုအခါမျိုးကျရင် ကမ္ဘာ့ဂန္ဓာရီပညာရှင် ကြီးတွေ အသုံးပြုလေ့ရှိတဲ့ နည်းလေးတစ်ခုရှိတယ်  ဆရာရဲ့။ ဘယ်လိုလုပ်ရမလဲဆိုတော့ အနက်ရောင် စာရွက်ပိုင်းလေးတစ်ပိုင်း၊ လက်တစ်ဝါးလောက်ဆိုရင် ရပါပြီ။ အဲဒီစာရွက်ပေါ်မှာ အဖြူရောင်မြေဖြူခဲ လေးနဲ့ ကိုယ့်အပေါ် အငြိုးအာဃာတကြီးနေသူ၊ ရန်လိုနေသူရဲ့ နာမည်ကိုချပြီး ရေးရမယ်။ မောင် တွေ မတွေ၊ ဦးတွေ၊ ဒေါ်တွေထည့်ပြီးရေးလို့ ရပါ တယ်။

ပြီးတော့ အဲဒီနာမည်ရဲ့ အလယ်လောက်က နေအထက် အောက် ထောင်လိုက် မျဉ်းကြောင်းနှစ် ကြောင်းဆွဲချလိုက်ရမယ်။ အပေါ်ကနေ အောက်ကို ဆွဲချလိုက်ရမှာနော်။ ပြီးတော့ အဲဒီစက္ကူကို ကျစ်ကျစ် ပါအောင် လိပ်ရမယ်။

အဲဒီစာရွက်လိပ်ကလေးကိုမှ အပြာရောင် ခပ်နုနု ဖဲကြိုးစလေးတစ်စနဲ့ ပတ်ပြီးချည်ရမယ်။ အဲဒါကို ပလတ်စတစ်အိတ်ကလေးတစ်အိတ်နဲ့ လုံခြုံအောင် ထုပ်ရမယ်။ ရေလုံအောင် ထုပ်ရမယ်။ အဲဒီလိုထုပ်ပြီးတဲ့နောက် ရေခဲတုံးကို မွနေအောင် ထုချေပြီး အဲဒီရေခဲတွေကြားမှာ အခုနစာရွက်လိပ် ကလေးကို မြှုပ်နှံထားရမယ်။ ဘယ်လိုပဲမြှုပ်မြှုပ် အဲဒီစာရွက်ကလေးဟာ ရေခဲထဲမှာ မြှုပ်နေဖို့ပါပဲ။ အဲဒီအချိန်မှာတော့ စောစောက လင်္ကာလေးကို ထပ်ခါတလဲလဲ ရွတ်ရမယ်။ (၃၇) ကြိမ်ရွတ်လိုက်ရင် အကောင်းဆုံးပါပဲ။ အဲဒီအတိုင်း တစ်ညထား နောက် နေ့ကျတော့မှ အဲဒီစာရွက်လိပ်ကလေးကို စီးနေ တဲ့မြစ်တဲ့၊ ချောင်းထဲမှာ သွားပြီးမျှောပစ်လိုက်ရုံပါပဲ။

အဲဒါဆိုရင် ကိုယ့်အပေါ်မှာ အလျှံငြီးငြီး တောက်လောက်နေတဲ့ တစ်ဖက်လူရဲ့ ဒေါသမီးတွေ ဟာ ရေခဲသေတ္တာထဲက စပျစ်သီးလေးတစ်လုံးလို အေးခဲသွားပါလိမ့်မယ်”ဟု ရိုစီမက ရှည်လျားစွာ ရှင်း ပြလေ၏။

မည်သို့ဖြစ်သည်မသိ ကျွန်ုပ်၏သမီးအရွယ် မြေးအရွယ် သူငယ်နှပ်စားမလေး၏ စကားများကို လေးစားစွာဖြင့် နာယူမိပြီးဖြစ်နေလေတော့၏။ ထို့ နောက် ကျွန်ုပ်က –

“နင်ပြောတဲ့ နည်းလေးက စိတ်ဝင်စားဖို့ တော့ကောင်းပါတယ် ရိုစီမရယ်။ ဒါပေမဲ့ ကဗျာ လိုလို ဘာလိုလို ရွတ်ရမယ့်ဟာကြီးက နည်းနည်း အူကြောင်ကြောင်ဖြစ်နေသလိုပဲ။ ကလေးကလား ဟယ် အဲဒါမရွတ်လို့မရဘူးလား။ ပါးစပ်ရှက်နေသလို လို ဖြစ်နေတယ်” ဟု ပြောလိုက်လျှင် ရိုစီမက ခစ်ခနဲ တစ်ချက်ရယ်လေ၏။ ထို့နောက် –

“မရဘူးဆရာရေ …မရဘူး။ အဲဒါကိုတော့ ဈေးမဆစ်နဲ့။ ကြုံတုန်းပြောရဦးမယ်။ ကျွန်မက ဆရာ့ကို ဂမ္ဘီရပညာတွေနဲ့ ရင်းနှီးတဲ့ တန်းဝင်ဂမ္ဘီရ ဆရာကြီးတစ်ယောက်အဖြစ် အမှတ်ပေးထားတာ။ အခု ဆရာ့ပါးစပ်က ထွက်လာတဲ့စကားအတိုင်းဆိုရင် ဆရာဟာ ဂမ္ဘီရလမ်း ဂန္ဓာရီစခန်းနဲ့ တော်တော့်ကို အလှမ်းဝေးသေးတာပါပဲလား။ အခုကျွန်မပြောပြမယ့် စာသားလေးကို ဆရာ့အနေနဲ့ သေသေချာချာ အလေးဂရုမူပြီး မှတ်ထားစေချင်တယ်။

”To Blind the spell

every time,

let, the spell be speak

in rhy”

အဓိပ္ပာယ်ကိုတော့ အလွယ်ပြောရမယ်ဆို ရင်တော့ ဆရာရယ် …ဂမ္ဘီရကိစ္စတွေမှာ ကာရံ နဘေ၊ အသံနေအသံထားဟာ အင်မတန် အရေး ကြီးတယ်တဲ့ ဆရာရဲ့။ အသံမှာ အင်မတန်ထူးခြားတဲ့ ဂမ္ဘီရ စွမ်းရည်တွေရှိတယ်။ အိန္ဒိယက ယောဂီ ကြီးတွေဆိုရင် အသံရဲ့စွမ်းရည်၊ အသံရဲ့စွမ်းအင်၊ ဂါထာမန္တန်တွေရဲ့ စွမ်းအင်နဲ့မိမိရဲ့ သိဒ္ဓိကိုနှိုးဖို့ ထိထိ ရောက်ရောက် အသုံးချကြတယ်။ ဒါကြောင့်လည်း ဂါထာ မန္တန်တွေကို လူတိုင်းလိုလို ရွတ်နေကြပေမယ့် ရွတ်တဲ့လူ တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ ဆယ်ယောက် အဲဒီဂါထာမန္တန်ရဲ့ အာနိသင်ကို ခံစား ရခဲတယ်လေ ဆရာရဲ့ …။ အသံအဖိအဖော့လေး လေယူလေသိမ်းလေး နည်းနည်း အပြောင်းမှာ အရမ်းစကား ပြောတယ်။

အဘဘိုးမင်းခေါင်ဆိုရင် စကားပြောတဲ့အခါ  ကာရံနဘေတွေနဲ့ ချိတ်ပြီး ပြောလေ့ရှိတယ်ဆိုတာ ဆရာကြားဖူးမှာပေါ့။

“ခရုတွေ ကုန်းရောက်ရင် ငပုတွေ ဘုန်း တောက်တော့မယ်ဟေ့”ဆိုပြီး ဂျပန်တွေ ဝင်လာ ကာနီးမှာ ပြောခဲ့ဖူးတယ်။

“ဘုရားကို ပျားစွဲတော့ ကုလားကို ဓားဝဲပြီ ပေါ့ကွာလို့လည်း အင်္ဂလိပ် ကုလားဖြူတွေ အပြေး မှာ ပြောခဲ့ဖူးတယ်လေ။ တိုတိုပြောရရင်တော့ ဆရာ ရယ် …ဂမ္ဘီရဆရာတစ်ယောက်ဟာ အသံကို နားလည်နေဖို့လိုတယ်။ ဂါထာမန္တန်တွေ ဆိုတာဟာ လည်း အသံနေအသံထား နရီစည်းဝါးနဲ့ ဖမ်းထားတဲ့ အရာတွေပဲ မဟုတ်လား”ဟု စီကာပတ်ကုံး ပြော ပြပါလေတော့၏။ ကျွန်ုပ်လည်း ဘာမျှပြန်၍စော ဒကမတက်သာဘဲ ခေါင်းတဆတ်ဆတ် ညိတ်၍သာ လျှင် ငြိမ်နေလိုက်ရလေတော့၏။

ထို့နောက်တွင်ကား ရိုစီမသည် ကျွုန်ုပ်အား  နှုတ်ဆက်၍ ပြန်လည် ထွက်ခွာသွားလေတော့၏။ ကျွန်ုပ်သည် ထွက်ခွာသွားသော ရိုစီမလေး၏ ကျောပြင်ကို ငေးမောရင်း ၄င်းသင်ပြသွားသည့် ဂမ္ဘီရ လင်္ကာလေးကို တဖွဖွရွတ်ဆိုမိလျက်သား ဖြစ်နေ ပါတော့လေသတည်း။

“အေးစေခဲစေ မဘယ်သူရေ

နင့်ရန်ငြိုးတွေ ပြေတော့လေ

နင်ရောငါပါ ငြိမ်းချမ်းကြ

အာဃာတတွေ

ကျေပြီပ”

(မှတ်ချက်။ ။ ၄င်းလင်္ကာလေးထဲမှ (မဘယ် သူရေ)ဆိုသည့်နေရာတွင် မိမိအား ရန်လိုအငြိုးထား နေသူ၏ နာမည်ကို ထည့်သွင်းရွတ်ဆိုရန်ဖြစ်ပါ သည်)

သဗ္ဗေဓမ္မာ

ဇင်ယော်နီ