ရိုစီမပြောပြတဲ့ ဂမ္ဘီရအင်တာနက်

မြူကလေးတွေ ခပ်ဆိုင်းဆိုင်း ဆောင်းရာသီရဲ့ ညနေခင်းလေးတစ်ခု အခန်းရှေ့မှာ ခွေးခြေခုံလေး တစ်လုံးချပြီး ခပ်ကုပ်ကုပ်ကလေး ထိုင်နေတုန်း ရိုစီမ ဆိုတဲ့ တောမရောက် တောင်မရောက် ကောင်မ လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။

ရိုစီမဆိုတာ အများသိတော်မူတဲ့အတိုင်းပါပဲ။ သူ့ကိုယ်သူ အင်္ဂလိပ်ဝင်စားသူရယ်လို့ အထင်ရောက် ပြီး အပြောအဆိုမှာလည်း အင်္ဂလိပ်တစ်ပိုင်း၊ မြန်မာ တစ်ဝက်၊ စားပုံသောက်ပုံ၊ နေမှုထိုင်မှုတွေမှာလည်း အင်္ဂလိပ်တစ်ခြမ်း၊ မြန်မာတစ်ပိုင်းဖြစ်နေတဲ့ အများ ကတော့ ကျပ်မပြည့်ဘူးလို့ သတ်မှတ်ထားကြတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ကျွန်တော်နဲ့ကတော့ သူပြောသလို ဟိုတစ်ဝက်ဒီတစ်ဝက် ပြောရရင် ကီး လာပြီး ကိုက်နေတယ်လို့ ပြောရမှာပေါ့။

“ဘာလုပ်ရမှန်း မသိလို့ ဘာမှန်းမသိတဲ့ အလုပ်ကို လုပ်နေတာ”

“ဒါဆိုလည်း ကျကျနန နားလိုက်ပေါ့”

“အဲဒီလို နားလိုက်လို့လည်း မဖြစ်ပြန်ဘူး။ ငါ့မှာ အလုပ်တွေက ပတ်လည်ဝိုင်းနေတယ်”

“အောင်မလေး ဆရာ အလုပ်ရှုပ်တယ်ဆို တာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အပုံတစ် ထောင်ပုံ တစ်ပုံမရှိနိုင်ပါဘူး”

“အေးလေ ဆင်လည်း ဆင့်အထွာနဲ့ ဆိတ် လည်း ဆိတ်အထွာနဲ့ပေါ့ဟယ်။ အသက်ကလေးက  ကြီးလာတော့ နည်းနည်းလုပ်လိုက်ရင် များများ ပင် ပန်းတော့တာပဲဟဲ့”

“အောင်မလေး ဆရာ့အသက်က ငါးဆယ် ပြည့်ဖို့တောင် အဝေးကြီးလိုပါသေးတယ်။ မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆိုရင် သက်တော် ရှစ်ဆယ်၊ ဝေဒနာကြီးစွာ ခံစားနေရတဲ့ အချိန်မှာ တောင် အပ္ပမာဒေန သမ္ပာဒေဌဆိုတဲ့ တရားတော် ကို ဟောဖြစ်အောင် ဟောသွားတော်မူခဲ့ရှာတယ်။ အားကျရမယ့် ပုဂ္ဂိုလ်တွေကို အားကျမှပေါ့ ဆရာ ရဲ့”

“အေး ပုဂ္ဂိုလ်ကြီး တော်တော်များများကို ငါ အားကျကြည့်ဖူးတယ်။ သူတို့လို လုံးဝမဖြစ်နိုင်ပါ လားဆိုတဲ့ သဘောတစ်ခုပဲ ငါ ကျကျနနပေါက် သွားတယ်။ ဥာဏ်ချင်းမတူဘူး။ ဇွဲချင်း မတူဘူး။ လုံ့လအရာမှာလည်း မမီနိုင်ဘူး။ ဝီရိယမှာလည်း မယှဉ်နိုင်ဘူး။ ပါရမီချင်းလည်း မိုးနဲ့မြေလို ကွာ တယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေ ပုဂ္ဂိုလ်ကြီးတွေက လောကရဲ့ တာဝန်ကို ဘယ်လိုထမ်းရမလဲ။ လူတွေ ရဲ့အကျိုးကို ဘယ်လိုသယ်ပိုးရမလဲလို့ အမြဲစဉ်းစား ပြီး ကြိုးပမ်းသွားကြတာ၊ ငါကတော့ ဘယ်သူ့ဆီ မှာ အကူအညီတောင်းရမလဲ။ ဘယ်သူ့ကို အားကိုးရ ပါ့မလဲ။ ဘယ်မှာသွားပြီး အပူကပ်ရပါ့မလဲ။ ဘယ် နေရာလေးက အချိုအချောင်ရနိုင်သလဲ။ ဘယ်သူ့ ဆီက စာြးွကင်းစားကျန်လေးတွေကို တောင်းရပါ့ မလဲ။ ဘယ်သူ့ဆီကို သွားပြီး မျက်နှာချိုသွေးရပါ့ မလဲဆိုတာတွေကိုပဲ အချိန်ပြည့် စဉ်းစားနေရတာ။

အဲဒီတော့ဟယ် အဲဒီ အဲဒီပုဂ္ဂိုလ်ကြီးတွေက လောကကြီးရဲ့ ဝန်ကိုထမ်းဖို့ လူဖြစ်လာကြတာ ငါက တော့ လောကကြီးကို အချိုအချောင် ခွစီးဖို့ လူဖြစ် လာတာ။ တဖြည်းဖြည်းနဲ့ အဲဒီလိုပဲ သဘောပေါက် လာမိတယ်”

ကျွန်တော်က အဲဒီလို စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်တော့ ရိုစီမလည်း တခစ်ခစ်နဲ့ ရယ်လို့ မဆုံး။ ပြီးတော့မှ –

“ဘာမှ လုပ်စရာမရှိလို့ဆိုပြီး ဒီအတိုင်းကြီး   ထိုင်နေမယ့်အစား အခု ဆရာပြောလိုက်တဲ့ အကြောင်းအရာတွေကိုပဲ စာတစ်ပုဒ်ဖြစ်အောင် ချပြီး ရေးလိုက်ပေါ့။ ဆရာ့လိုလူတွေ အများကြီးပါ။ သူတို့ လည်း အဖော်ကောင်းတစ်ယောက် ရပြီဟဲ့ ဆိုပြီး ဝမ်းသာအားရ ဖြစ်သွားနိုင်တာပေါ့”

ရိုစီမစကားကြောင့် ဒီတစ်ခါ ရယ်မိသူက တော့ ကျွန်တော်ပဲပေါ့။

“မနောမယအတွက် စာရေးရမယ်ဟဲ့။ ဘာ ရေးရမှန်းမသိလို့ ထိုင်ပြီး ငေးနေတာ”

“ဒါများ ဘာခက်နေလဲ ဆရာရယ်၊ အရင် သုံးလေးနှစ်လောက် ရေးဖူးပြီးသား စာတွေကို နည်း နည်းပါးပါး အမြီးပြင် ခေါင်းပြောင်းလုပ်ပြီး ပြန်ရေး လိုက်ပေါ့ ဆရာရဲ့”

“အဲဒီလိုကြီးလည်း ပရိသတ်ကို ငါမလိမ်ချင် ဘူး”

“ဒါဆိုလည်း သူများရေးထားတဲ့ စာတွေထဲ က ဟိုရွှေ့ဒီပြောင်းလုပ်ပြီး ကိုယ့်ဟာလုပ်ပြီး ပြန်ရေး ပေါ့ ဆရာရဲ့”

“အဲဒီလိုကြီးလည်း မလုပ်ချင်ဘူး”

“ဒါဆိုလည်း ဘုရားရှိခိုးအမျိုးမျိုးတို့ ဂါထာ မန္တန်ပေါင်းချုပ်တို့ဆိုတာမျိုးတွေ ပလူပျံအောင် ထွက် နေတာပဲ ဆရာရဲ့။ အဲဒီအထဲက စာတွေကိုယူ ပြီး ရေးချလိုက်ပေါ့။ သိပ်ခက်မှာတော့ မဟုတ်ပါဘူး”

“ငါ အပိုင်အနိုင်မသိဘဲနဲ့ ကြားဖူးနားဝတွေ နဲ့ လူတတ်ကြီး မလုပ်ချင်ပါဘူးဟယ်။ မြန်မာပြည် မှာ လူဦးရေ သန်းငါးဆယ်ကျော်ထဲမှာ သန်းခြောက် ဆယ်နီးပါးက ငါ့ထက် အကြားအမြင် ဗဟုသုတ၊ အတွေ့အကြုံများတဲ့ လူတွေဆိုတာ ငါသိနေတယ်။ ငယ်ငယ်တုန်းကတော့ စာရေးချင်လွန်းလို့ လက်ကို ယားနေခဲ့တာ။ အချိန်လေးရလိုက်တာနဲ့ စာတွေ ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ် တန်းစီပြီး ရေးနေတော့ တာပဲ အသက်ကလေးနည်းနည်း ရလာတော့ တဖြည်းဖြည်း သဘောပေါက်လာပြီး စာတစ်ကြောင်း ရေးတိုင်းရေးတိုင်း အရှက်တစ်ခါကွဲရတတ်ပါလား။ စာရေးတယ်ဆိုတာ ကိုယ်မသိဘူး။ မတတ်ဘူးဆိုတာ တွေကို အများပရိသတ်သိအောင် ကြေညာနေသလို ပါပဲလား။ စာတစ်ပုဒ် ဂျာနယ်၊ မဂ္ဂဇင်းမှာ ပါသွား ပြီးတိုင်း ကိုယ့်ကို အလကားပါကွာ၊ ဒီကောင် တော် တော်ညံ့တဲ့ ကောင်ပဲဆိုပြီး နှာခေါင်းရှုံ့သူတွေ တိုး သထက် တိုးတိုးလာပါလားဆိုတာ သဘောပေါက် လာတယ်။

အဲဒါကြောင့် စာတစ်ကြောင်းတစ်ကြောင်း ရေးဖို့ကိုတောင် တော်တော်လက်တွန့်နေပြီ ရိုစီမရေ”

“ကဲပါ …အဲဒါတွေ အသာထားလိုက်ပါ ဆရာရယ်၊ ဆရာ့ကို ဂမ္ဘီရနည်းလေးတစ်ခု ပြောပြ ချင်လွန်းလို့ တကူးတက လာခဲ့ရတာ သေချာမှတ် ထားနော်။ ဆရာကိုယ်တိုင်လည်း အရေးကြုံလာနိုင် တယ်။  ဆရာ့ပရိသတ်တွေအတွက်လည်း အများ ကြီး အသုံးတည့်မှာပါ ဒီလိုဆရာရဲ့၊

တစ်ခါတလေမှာ ဆွေမျိုးသားချင်းတွေ၊ မိသားစုတွေ၊ အပေါင်းအသင်းတွေနဲ့ ရပ်ဝေးရပ်ခြား ခွဲခွာနေရတဲ့အခါတွေ ကွဲကွာသွားတဲ့အခါတွေ ရှိတတ်တာပေါ့။ အဲဒီအခါတွေမှာ သူတို့နဲ့ ကိုယ်နဲ့ အဆက်အသွယ်လုပ်ချင်တယ်။ သူတို့ဆီက စာပဲ လာလာ၊ သတင်းပဲ ကြားကြား လက်ဆောင် ပစ္စည်း လေးတွေ ဘာတွေပဲ ရောက်ရောက် အဲဒါမျိုးဖြစ် ချင်တယ်။ လိပ်စာတွေ ဘာတွေလည်း မသိတော့ ဘူး။ ဆက်သွယ်ဖို့လည်း လမ်းစတွေ ပျောက်နေ တယ်။ အဲဒီလိုအခါတွေကျရင် ဘာလုပ်ရမလဲဆို တော့ –

စားပွဲတစ်လုံးပေါ်မှာ ထောက်ပါတဲ့ မှန်လေး တစ်ချပ်ထောင်ထားလိုက်ရမယ်။ အဲဒီမှန်နဲ့ မျက်နှာ ချင်းဆိုင်မှာ အဖြူရောင် ဖယောင်းတိုင်တစ်တိုင် ထွန်းရမယ်။ မှန်ထဲမှာ ဖယောင်းတိုင်ရဲ့ အလင်းလေး သွားပြီး ဝင်နေမှာပေါ့။ ပြီးတော့ ကိုယ်ဆက်သွယ် ချင်တဲ့လူရဲ့ ဓာတ်ပုံကိုလည်း မှန်နဲ့ မျက်နှာချင်းဆိုင် မှာ ထောင်ထားလိုက်ရမယ်။ ဓာတ်ပုံမရှိရင်လည်း သူ့လက်ရေးပါတဲ့ စာတို့ ဒါမှမဟုတ်ရင်လည်း ကတ် ထူပြားတစ်ချပ်ပေါ်မှာ အဲဒီလူရဲ့ နာမည်ရေးပြီး ထောင်ထားလို့လည်း ရပါတယ်။

အဲဒီပုံကလည်း မှန်ထဲမှာသွားပြီး ပေါ်နေရမှာ ပေါ့။ အဲဒီနောက် အဲဒီစားပွဲပေါ်မှာပဲ ဖယောင်းတိုင် လေးတစ်တိုင်ကိုလည်း ထွန်းရဦးမယ်။ အဲဒီနောက် စာရွက်အဖြူတစ်ရွက်ပေါ်မှာ အဲဒီလူကို ကိုယ်ပြော ချင်တဲ့ စကားတွေ မှာချင်တဲ့ အကြောင်းအရာတွေ  ဆက်သွယ်ချင်တဲ့ကိစ္စတွေကို အပြည့်အစုံချပြီးရေး ရမယ်။ ရေးပြီးသွားတဲ့အခါမှာတော့ အဲဒီစာရွက်ကို လိပ်ပြီး စောစောကထွန်းထားတဲ့ ဖ ယောင်းတိုင်မီးတောက်နဲ့ ရှို့ လိုက်ရမယ်။

အဲဒီလိုရှို့နေတဲ့အချိန်မှာ ကိုယ်က မှန်ထဲကို ကြည့်နေရမယ်။ မှန်ထဲမှာလည်း ကိုယ့်ရဲ့ လိုအင် ဆန္ဒတွေကို ရေးထားတဲ့ စာရွက်ကလေးကို မီးလောင် နေတာကို မြင်နေရမှာပေါ့။ အဲဒီမှန်ထဲက မီးတောက် ကလေးနဲ့ မီးခိုးငွေ့တွေကိုကြည့်ရင်းရပ်ဝေးမြေခြား က ကိုယ်ဆက်သွယ်ချင်တဲ့လူကို ကိုယ်ပြောချင်တဲ့ ကိစ္စတွေ တိုးတိုးဖွဖွလေး ပါးစပ်က ရေရွတ်နေရ မယ်။

အဲဒါပါပဲ ကျွန်မပြောချင်တဲ့ နည်းလေးက ရပ်ဝေးမြေခြားကို ရောက်နေတဲ့ ဆွေမျိုးမိတ်ဆွေ တွေ၊ နိုင်ငံခြားသင်္ဘောနဲ့ ကမ္ဘာပတ်နေရသူတွေ တိုင်းခြားပြည်ခြား ရောက်နေသူတွေနဲ့ အကြောင်း ကြောင်းကြောင့် အဆက်အသွယ်အချိတ်အဆက် ပြတ်သွားတယ်ဆိုရင် အဲဒီနည်းလေးကို သုံးလိုက် ရုံပဲပေါ့။ ငွေတွေဘာတွေ ပစ္စည်းတွေ ဘာတွေမှာ ချင်ရင်လည်း အဲဒီနည်းနဲ့ပဲမှာပေါ့။ အဲဒါဟာ ဂမ္ဘီရ တယ်လီဖုန်းဒါမှမဟုတ် ဂမ္ဘီရအင်တာနက်လို့ ပြော ရမှာပဲပေါ့ ဆရာရေ”

“ဟုတ်ပြီ ရိုစီမရေ ဟုတ်ပြီ၊ ဘဲရီးသိုင်းကျူး ကျေးဇူးကမ္ဘာပါပဲ။ အခုနင်ပြောပြတဲ့ နည်းလေး ကိုပဲ စာမူတစ်ပုဒ်ဖြစ်အောင် ရေးလိုက်တော့မယ်ဟေ့”

 

သဗ္ဗေဓမ္မာ

ဇင်ယော်နီ