ရိုစီမပြောပြတဲ့ ၀မ်းသာလွန်း၍ မျက်ရည်လည်

 

တစ်ခုသော တနင်္လာနေ့တစ်နေ့တွင်ဖြစ်၏။ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းက လေးရှိရာသို့ ရိုစီမဟူသော အူကြောင်ကြောင် မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။

ထိုနေ့မှာ ကျွန်ုပ်၏ ဟောခန်းပိတ်သောနေ့ ဖြစ်သောကြောင့် ကျွန်ုပ်သည် ဂျာနယ်မဂ္ဂဇင်းများ အတွက် စာမူများရေးသားရန် ပြင်ဆင်နေလေ၏။ ရိုစီမသည် ကျွန်ုပ်အား ဝမ်းသာအားရနှုတ်ဆက်၏။  ကျွန်ုပ်ကမူ ဘာတစ်ခွန်းမျှ ခွန်းတုံ့မပြန်ဘဲ စာအုပ်ထူ ကြီးတစ်အုပ်ကိုသာ သဲကြီးမဲကြီး ဖတ်နေမိ၏။  ရိုစီမ သည် ကျွန်ုပ်အနီးသို့ ပို၍တိုးကပ်ကာ “ဆရာ”ဟု ခေါ်လိုက်ပြန်၏။ ကျွန်ုပ်က မကြားယောင်ပြု၍နေ၏။

ရိုစီမက လေးငါးခွန်းထပ်၍ခေါ်ပြန်၏။ ကျွန်ုပ် က ပြန်မထူးဘဲ လှည့်၍မျှပင်မကြည့်ဘဲ စာအုပ်ကြီး ထဲမှ စာကြောင်းအချို့ကို မှတ်စုစာအုပ်ထဲသို့ ရေး ကူးနေလေ၏။ ရိုစီမသည် ကျွန်ုပ်၏ အမူအရာကို ကြည့်၍ အားရပါးရ ဟားတိုက်ရယ်မောလေတော့၏။

“သြော် … ဒုက္ခ ဒုက္ခ …စာအုပ်ထဲမှာ တကယ် စိတ်မဝင်စားဘဲနဲ့ စိတ်ဝင်စားချင်ယောင်ဆောင် နေရ တဲ့ဒုက္ခဟာ အင်မတန်ကြီးပါလား။ စကား ပြန်ပြော ချင်ပါလျက်နဲ့ မပြောဘဲ ဟန်ဆောင်နေရတဲ့ ဒုက္ခ ဟာ အင်မတန်ကြီးပါလား။ နင်ဘာဖြစ်တယ်၊ ငါဘာ ဖြစ်တယ်ဆိုပြီး တည့်ရှင်းလိုက်ရင်ပြီး သွားမည့်ကိစ္စ ကို မရှင်းဘဲ မြိုချထားရတဲ့ဒုက္ခဟာ အင်မတန်ကြီးပါ လား”ဟူ၍လည်း ရိုစီမက သံဝေဂသံဖြင့် ရေရွတ် ရင်း ခေါင်းလေးကို ဆတ်တောက် ဆတ်တောက် လုပ်နေလေ၏။ ကျွန်ုပ်လည်း စာအုပ်ကြီးကို ဘုန်းခနဲ ပစ်ချကာ –

“တော်တော့”ဟု ရင်ခေါင်းသံကြီးဖြင့် အော် လိုက်မိလေ၏။ ရိုစီမလည်း အားရပါးရ ခွက်ထိုးခွက် လန် ရယ်မောလိုက်ပြန်၏။ ထို့နောက် –

“ကျွန်မသိနေတယ်ဆရာ၊ ကြားလည်းကြား နေတယ်ဆရာ၊ ကျွန်မသိနေ ကြားနေတာတွေကို ဆရာလည်း သိနေ၊ ကြားနေမှာပါပဲ။ အဲဒီအတွက် ကျွန်မကို မကျေမချမ်းဖြစ်နေတာ မဟုတ်လား။ ပြော လိုက်စမ်းပါဆရာရယ်။ ရိုစီမဆိုတဲ့လူတစ်ကောင်လုံး ဆရာ့ရှေ့မှာရောက်နေပြီပဲ။ ပြီးတော့ ဆရာက လူ ကြီး၊ ကျွန်မက ကလေးပါ။ ဆရာပြောသမျှ ကျွန်မ က နာယူရမှာပါ။ အဲဒါကိုဘာလို့များ ပြောစရာရှိ တာကိုမပြောဘဲ ရင်ထဲမှာ အလောင်အမြိုက်ခံ နေရ တာလဲ”ဟု ပြောလျှင် ကျွန်ုပ်လည်း စာအုပ်ကြီးကို လက်ဝါးဖြင့် ဘုန်းခနဲ ပုတ်ရင်း –

“ဟုတ်တယ် ပြောမယ် နင်ဆိုတဲ့ ရိုစီမဆိုတဲ့ ကောင်မစုတ်ကိုပြောမယ်။ နင့်ကိုလုံးဝ မကျေနပ်ဘူး။ ဒီတစ်သက် မကျေနပ် နိုင်ဘူး။ ကမ္ဘာကျေရင်တောင် နင့်ကို မကျေဘူး” ဟု ဒေါသတကြီးဖြင့် အော် ဟစ်ပြောဆိုလိုက်မိလေ၏။ ထိုအခါ ရိုစီမက ကျွန်ုပ် ၏ ဘေးမှာ ဝင်ထိုင်လိုက်ရင်း –

“ဟုတ်တာပေါ့ ဆရာရယ်၊ လုံးဝမကျေနပ် သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ရိုစီမဆိုတဲ့ဒီကောင်မ ဟာ ဆရာ့အပေါ်မှာ အင်မတန်စော်ကားခဲ့ပေတာ ကိုး –

နံပါတ်တစ် ဇင်ယော်နီ ဆိုတဲ့ကောင်ဟာ ရိုစီမလောက် ဗေဒင်မတတ်ဘူး၊ ရိုစီမပြောပြသမျှ တွေကို မှတ်ထားပြီး လူတွေကိုသူက ဆရာပြန်လုပ် နေတာ။ ဇင်ယော်နီဘယ်လောက်ပဲ နာမည်ကြီးကြီး     ရိုစီမ လောက်တော့ မတော်ဘူးလို့ ရိုစီမက လူတွေ ကိုလျှောက်ပြောနေတယ်။

နံပါတ်နှစ်- ဒီလောကကြီးမှာ ဇင်ယော်နီ ဆိုတဲ့ စာရေးဆရာဟာ တကယ်မရှိဘူး။ နှစ်တန်းမ အောင်တဲ့ ရိုစီမလေးက ရှဲဒိုးရေးပေးနေရတာ။ ရိုစီမ လေးသာ ကားတိုက်ပြီး သေသွားမယ်ဆိုရင် ဇင် ယော်နီဆိုတဲ့ကောင်လည်း ဘာမှရေးတတ်တော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဇင်ယော်နီဆိုတာက တကယ် စာမရေးတတ်ဘူး။ သူရေးရင်လည်း ဘယ် သူမှ ဖတ်မှာမဟုတ်ဘူးဆိုပြီး ရိုစီမကလျှောက် ပြောနေတယ်။

အဲဒါမျိုး အဲဒါမျိုးတွေ ဆရာကြားနေရတယ် မဟုတ်လား။ အဲဒီမှာတင် ရိုစီမဆိုတဲ့ ကောင်မစုတ် ကို မျက်နှာချင်းမပြောနဲ့ နောက်စေ့ချင်းတောင် မဆိုင်ချင်ဘူး ဖြစ်နေတယ်မဟုတ်လား”ဟု ဟန်နှင့် ပန်နှင့် ပြောပါလေတော့၏။ ကျွန်ုပ်ကလည်း –

“နင်မပြောဘူးလား”ဟု ဒေါသသံဖြင့် ပြန် ၍မေးလိုက်ရာ ရိုစီမက –

“ကျွန်မ လုံးဝမပြောဘူး။ အဲဒါတွေနဲ့ ပြောင်း ပြန်တွေတော့ ပြောတယ်”ဟု ခပ်မာမာပင် ပြန်၍ ပြောလေ၏။ ထို့နောက် ゞင်းကဆက်လက်၍ –

“မေးစမ်းပါရစေဦး၊ ဆရာ့ကို အဲဒီလိုလာပြော တာ ဘယ်နှယောက်လောက်ရှိလဲ” ဟု မေးလျှင် ကျွန်ုပ်က –

“နှစ်ယောက်တောင်ရှိတယ်”ဟု ပြန်၍ဖြေ လိုက်ရာ ရိုစီမသည် ကြမ်းပေါ်တွင် လူးလှိမ့်၍ အားရပါးရ ရယ်လေ၏။ ထို့နောက် ကျွန်ုပ်၏ မျက်နှာ အား လက်ညှိုးကလေးဖြင့် ထိုးကာ –

“ဥာဏ်တော်တော်ကြီးတဲ့ စာရေးဆရာကြီး၊ အတွေးအခေါ် အင်မတန်ရင့်ကျက်တဲ့ ဗေဒင်ဆရာ ကြီး၊ ဘဝအတွေ့အကြုံအတော်များတဲ့ ဂမ္ဘီရဆရာ ကြီး၊ အခုတော့ လူနှစ်ယောက်လာပြောတဲ့စကားကို ခေါင်းထဲထည့်ပြီး ကိုယ့်အလုပ်ကိုယ်ရှုပ်ပြီး ကိုယ့်ဒုက္ခ ကိုယ်မွေးနေတော့တာပါလား မြန်မာပြည်မှာ လူဦး ရေသန်းငါးဆယ်ကျော်ရှိတယ် ဆရာရဲ့။ အဲဒီအထဲမှာ    ဆရာ့ရဲ့စာဖတ်ပရိသတ်၊ ဗေဒင်ပရိသတ် အနည်း ဆုံး ငါးသန်းတော့ ရှိမှာပါ။ အဲဒီငါးသန်းထဲမှာလည်း ဆရာ့ကို လေးစားအားကျကြည်ညိုတဲ့ပရိသတ် တစ် သန်းလောက်တော့ ရှိမှာပါ။ အဲဒီတစ်သန်းလောက် ရဲ့ လေးစားကြည်ညိုမှုကိုကျတော့ ထည့်မပြောဘဲ လူနှစ်ယောက်က မဟုတ်တဟုတ်တွေ လာပြောတဲ့ စကား ကိုကျမှ ဘာလို့အရေးအရာလုပ်နေရတာတဲ့လဲ။

ဆရာ့ကို သားပုပ်လေလွင့် မဟုတ်တယုတ် ပြောတဲ့လူ နှစ်ယောက်လောက်ကို ဆရာ့ကိုလေးစား သူတွေက တောက်တစ်ချက်ဆီ ဝိုင်းခေါက်မယ်ဆို ရင်တောင် အဲဒီနှစ်ယောက်လောက်ဟာ နားအုံပွင့် ပြီး မရဏလမ်းကို မြန်းသွားနိုင်လောက်ပါတယ်။ ကျွန်မပုံပြင်လေးတစ်ခု ပြောပြချင်တယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ ခင်လှနဲ့ ခင်မြ ဆိုတဲ့ညီအစ်မနှစ်ယောက်ဟာ မြို့တက်ပြီး ဈေးဝယ် တယ်။ အပြန်မှာ ကားပျက်နေလို့ ရွာအပြန် ညဥ့် နက်သွားတယ်။ သူတို့ရွာက ကားလမ်းကနေ သုံး မိုင်လောက် လျှောက်ရသေးတယ်။ ရွာကိုပြန်ရောက် တော့ အစ်မဖြစ်သူက –

“အောင်မလေး …ဒီနေ့က လကွယ်နေ့ဆို တော့ ကြယ်မလင်း လမလင်းနဲ့ ငါတို့နှစ်ယောက် ဟာ မှောင်ကြီးမည်းမည်းမှာ ပြန်လာခဲ့ရတာ ကြောက်လိုက်တာဆိုတော့အေ”လို့ ပြောသတဲ့။ အဲဒီ စကားကိုကြားရသူက သူ့အိမ်နီးချင်းကိုပြန်ပြော တယ်။ “ခင်လှတို့ညီအစ်မ ပြန်လာကြတာ လမ်းမှာ မည်းမည်းကြီးတွေ့လို့ တက်သုတ်ရိုက်ပြီး ပြေးခဲ့ကြ ရသတဲ့”

အဲဒီစကားကိုပဲ အဆင့်ဆင့်တစ်ယောက် စကားတစ်ယောက်နားနဲ့ ပြောလိုက်ကြတာ ဟော သလို ဖြစ်သွားတယ်။

“ခင်လှတို့ညီအစ်မ လကွယ်ညတုန်းက ရွာ ပြန်လာတာ ရွာထိပ်ညောင်ပင်မှာ မည်းမည်းမည်း မည်းကြီးတွေ့လို့ ကြောက်လန့်တကြားနဲ့ ပြေးလိုက် ကြတာ သေးတောင် ထွက်ကျတယ်ဆိုပဲ”

“ခင်လှတို့ ညီအစ်မကို ရွာထိပ်ညောင်ပင် ကြီးက သရဲကြီးခြောက်လွှတ်လိုက်တယ်တဲ့။ သရဲကြီး က ဝါးသုံးပြန်လောက်မြင့်တယ်ဆိုပဲ”

“ခင်လှတို့ညီအစ်မကိုခြောက်တဲ့ သရဲကြီးက အကြီးကြီးပဲ။ မျက်လုံးကြီးတွေက လင်းကွင်းလောက်   နားရွက်ကြီးတွေက ငှက်ပျောရွက်လောက်ကြီးတယ် တဲ့။ လက်တံကလည်း အရှည်ကြီးပဲပေါ့”

“ခင်လှတို့ ညီအစ်မကို ရွာထိပ်ညောင်ပင်က သရဲကြီးခြောက်လို့ ထွက်ပြေးလိုက်ကြတာ သရဲကြီး က လက်တံအရှည်ကြီးနဲ့ သူတို့ညီအစ်မရဲ့ လည်ပင်း ကို လှမ်းပြီးညှစ်ထားသတဲ့။ အဲဒီသရဲဆိုတာက အခြား မဟုတ်လောက်ဘူး။ ဟိုတလောတုန်းက ဓားခုတ် ခံရပြီးသေသွားတဲ့ မောင်ပုမကျွတ်မလွတ်ဘဲ သရဲ ဖြစ်နေတာရှိမှာပေါ့”

“ဓားခုတ်ခံရပြီးသေတဲ့ မောင်ပုဟာ ရွာထိပ် ညောင်ပင်မှာ သရဲဖြစ်နေသတဲ့ သူသေတဲ့ကိစ္စမှာ သူကြီးသား ပါနေသလိုလိုတောင် ပြောကြတယ် လေ”

“မောင်ပုရဲ့ညီမကို သူကြီးသားက ဗိုက်တစ် လုံးနဲ့ ထားခဲ့တာကို မောင်ပုက မကျေနပ်တော့ သူကြီးသားက မောင်ပုကိုသတ်ပစ်လိုက်တာလို့ ပြော နေကြတယ်။ အဲဒီမောင်ပုက သရဲဖြစ်ပြီး သူကြီး သားကို ကုပ်ချိုးစားမယ်လို့ ခင်လှတို့ညီအစ်မကို ပြောလိုက်တယ်ဆိုပဲ”

“ဟဲ့ မောင်ပုအမေနဲ့ သူကြီးက ငြိစွန်းဖူး တယ်တဲ့။ တကယ်တော့ မောင်ပုရဲ့ညီမဆိုတာ သူကြီး ရဲ့ သွေးဟဲ့။ အဲဒီတော့ သူကြီးသားနဲ့ မောင်ပုရဲ့ ညီမဆိုတာ ဖအေတူ မအေကွဲတွေပေါ့။ အဲဒါကြောင့်   သူကြီးက သူတို့အတွဲကို ဖျက်ပစ်လိုက်တာ မောင်ပု  က အခုအစိမ်းသရဲဖြစ်ပြီး သူကြီးသားအဖကို လက် စားချေမယ်တဲ့။ ဒီအတိုင်းမချေဘူး ခင်လှတို့ ညီ အစ်မကို ဝင်စီးပြီး သူကြီးနဲ့သူ့သားကို ဗိုက်ဖောက် ပြီး စားမှာတဲ့”

နောက်ဆုံးမှာ အဲဒီကောလာဟလက သူကြီး နားကို ပေါက်သွားပြီး ခင်လှတို့ညီအစ်မကို ခေါ်စစ် တယ်။ ဟိုညီအစ်မလည်း အူကြောင်ကြောင်ဖြစ်သွား ကြတယ်။ သူတို့ပြောတဲ့စကားထဲမှာ မောင်ပုလည်း မပါဘူး။ သူကြီးသားလည်း မပါဘူး။ မောင်ပုအမေနဲ့  သူကြီးနဲ့ ငြိစွန်းဖူးတယ်ဆိုတာလည်း မပါဘူး။ မောင် ပုကိုသတ်တဲ့အထဲမှာ သူကြီးသားပါ ပါနေတယ်။ သူကြီးက စီစဉ်ပေးတယ်ဆိုတာမျိုးတွေလည်း မပါ ဘူး။

ဒါပေမဲ့ ဘယ်လိုပဲရှင်းရှင်း သူကြီးဟာ   စိုးရိမ် မကင်းကြီးစွာဖြစ်ပြီး ခင်လှတို့ ညီအစ်မကို ရွာက မောင်းထုတ်လိုက်သတဲ့။ ပုံပြင်ကလေးကတော့ ဒါပါ ပဲကွယ် လူကြီးမင်း ဆရာဇင်ယော်နီအနေနဲ့လည်း ဤပုံပြင်လေးကို သင်ခန်းစာယူပြီး ကိုယ့်ရဲ့ သမီး လောက် မြေးလောက် ကလေးမလေးတစ်ယောက် အပေါ် အထင်လွဲနေတာတွေ ပြေပျောက် သွားပါစေ ကွယ်”ဟု ပြောရင်း ရိုစီမက သူမ၏စကားကို အဆုံး သတ်လိုက်လေ၏။

ကျွန်ုပ်လည်း ရိုစီမလေး၏ နောက်ကျောအား လက်သီးဆုပ်ဖြင့် ချစ်စနိုးထုရင်း –

“တော်တော်တတ်တဲ့ မတတ်ပါ့” ဟု ရေ ရွတ်ကာ စိတ်လက်ပေါ့ပါးစွာဖြင့် ရယ်မောလိုက်မိ လေတော့၏။

ထို့နောက် ရိုစီမသည် ကျွန်ုပ်၏ အခန်းမှ စားပွဲတစ်လုံးကိုယူကာ အခန်း၏ အလယ်တွင်ချ၏။   ကုလားထိုင်တစ်လုံးကိုလည်း ရွှေ့ယူလာကာ စားပွဲ ၏ ဘေး၌ မျက်နှာချင်းဆိုင်ချလေ၏။ ပြီးနောက် သူ၏လွယ်အိတ်အတွင်းမှ အပြာရောင်ကုလားထိုင် စွပ်ကလေး နှစ်ခုကိုထုတ်ကာ ကုလားထိုင်များတွင် စွပ်လေ၏။

ထို့အပြင် အပြာရောင်စက္ကူပတ်ထားသည့် ဖယောင်းတိုင်လေး နှစ်တိုင်၊ ခရမ်းရောင်ရှိသော အမွှေးတိုင် နှစ်တိုင်၊ ကိတ်မုန့်ဘူးတစ်ဘူး၊ ခေါင်း လောင်းငယ်လေးတစ်လုံး အပြာရောင်လက်ကိုင်ပုဝါ လေး နှစ်ထည်တို့ကို စားပွဲပေါ်တင်လေ၏။

ထို့နောက် မီးဖိုခန်းအတွင်းသို့ဝင်သွားကာ ကော်ဖီနှစ်ခွက်ကိုအချိုကဲ၍ ဖျော်လေ၏။ ပန်းကန် ပြားတစ်ချပ်၍ ကိတ်မုန့်ကိုလည်း လှီး၍ ထည့်လေ၏။ ပြီးနောက် ကုလားထိုင်တစ်လုံးတွင် ကျွန်ုပ်အား ထိုင်ခိုင်းလေ၏။ ထိုအခါ ကျွန်ုပ်က ကုလားထိုင်တွင် ဝင်၍ထိုင်ရင်း –

“ဘာလဲ နင်နဲ့ငါနဲ့ ငြိမ်းချမ်းရေး မိတ်ဆုံစား ပွဲလုပ်တာလား”ဟုမေးလိုက်လျှင် ရိုစီမက –

“ပြီးတော့ သမီးပြောပြမှာပေါ့”ဟု ပြန်၍ ပြောလေ၏။ ထို့နောက် ရိုစီမသည် ကျွန်ုပ်နှင့် စားပွဲ၏ဘေးမှ ဝိုင်းပတ်၍ သုံးပတ်ပြည့်အောင် လျှောက်လေ၏။ ထိုသို့လျှောက်ရင်း ခေါင်းလောင်း ကလေးကိုလည်း တဒေါင်ဒေါင်အဆက်မပြတ် လှုပ် နေလေ၏။ ပါးစပ်မှလည်း –

“ဆရာနဲ့ကျွန်မရဲ့ နားလည်မှုလွဲနေတာတွေ ပြေပျောက်သွားပါစေ၊ ဘေးစကားတွေကို နားမဝင် ကြပါစေနဲ့၊ ဆရာနဲ့  ကျွန်မတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဘယ်သူမှ မနှောင့်ယှက်မဖျက်ဆီးနိုင်ပါစေနဲ့”

ဟုလည်း တတွက်တွက်ဆုတောင်းလေ၏။ ပြီးနောက် အမွှေးတိုင်နှင့် ဖယောင်းတိုင်များကို မီးညှိ ကာ စားပွဲတွင် ဝင်ထိုင်ပြီးနောက် ကျွန်ုပ်၏ရှေ့သို့    ကော်ဖီပန်းကန်ကို ထိုးပေးလေ၏။ ကိတ်မုန့်တစ်ချပ်   ကိုလည်းလှမ်း၍ ပေးလေ၏။

ကျွန်ုပ်မှာလည်း ရိုစီမ ဘာတွေလုပ်နေသည် ကို နားမလည်နိုင်သော်လည်း ဆာဆာနှင့် မြိန်ရှက် စွာပင် စားသောက်နေမိလေတော့၏။ ရိုစီမလည်း မြိန်ရှက်စွာ စားသောက်လေ၏။

ထိုသို့စားသောက်ရင်း ရိုစီမက ကျွန်ုပ်၏ မျက်နှာအား ကြည့်ကာ နှစ်လိုဖွယ်ရာ ပြုံးလိုက်လေ ၏။ ရိုစီမ၏အပြုံးကိုတွေ့သော တစ်ခဏ၌ ကျွန်ုပ်၏ ရင်ထဲမှ အကြိတ်အခဲ အဖုအထစ်၊ အလေးအပင် ဟူသမျှတို့သည် နေခြည်နှင့် ထိတွေ့သော နှင်းရည် ပေါက်ကဲ့သို့ ရုတ်ချည်းပင် ပျောက်ပြယ်သွားကြရ လေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း ရိုစီမအား နှစ်နှစ်ကာကာကြီး ပြန်၍ ပြုံးပြလိုက်မိလေတော့၏။

စားသောက်ပြီးသွားကြသောအခါ ရိုစီမသည်   ထွန်းညှိထားသည့် အမွှေးတိုင်နှစ်တိုင်ကို အခန်းရှေ့ သို့သွား၍ထွန်း၏။ အပြာရောင် ဖယောင်းတိုင်လေး နှစ်တိုင်ကိုလည်း ငြိမ်းသတ်ကာ အပြာရောင် လက် ကိုင်ပုဝါလေးတစ်ထည်စီဖြင့် ပတ်၍ ထုပ်လိုက်၏။ တစ်ထုပ်ကို ကျွန်ုပ်၏ လက်သို့လှမ်းပေးရင်း –

“ဒါလေးကို ဆရာသိမ်းထား။ သမီးနဲ့ပတ် သက်လို့ ဆရာ့စိတ်ထဲမှာ သံသယဝင်လာတာ၊ ဘေး စကားတွေကြောင့် ဇဝေဇဝါတွေ ဖြစ်လာတာမျိုး တွေ ရှိလာခဲ့ရင် အဲဒီဖယောင်းတိုင်လေးကို နှစ်မိနစ် လောက် မီးထွန်းပြီး ဆုတောင်းလိုက်၊ ပြီးရင် ငြှိမ်း ပြီး ပြန်သိမ်းထား။ သမီးလည်း ဆရာနဲ့ပတ်သက်လို့ အဲဒါမျိုးတွေ ကြုံလာရင် သမီးရဲ့ ဖယောင်းတိုင်လေး ကိုထွန်းပြီး ဆုတောင်းမယ်}}ဟုပြောလေ၏။ ကျွန်ုပ် လည်း –

“နင့်ရဲ့နည်းလေးက တော်တော်စိတ်ဝင်စား ဖို့ကောင်းတာပဲ။ စားလည်းစားရတယ်။ စိတ်လည်း ချမ်းသာရတယ်”ဟု ပြောလိုက်လျှင် ရိုစီမက –

“ဒီဂမ္ဘီရနည်းလေးက အဆင်ပြေပြေ လက် တွဲနေချင်တဲ့ ချစ်သူရည်းစားတွေပဲဖြစ်ဖြစ်၊ စပ်တူ ရှယ်ယာသမားတွေပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေ ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိသားစုတွေပဲ ဖြစ်ဖြစ်၊ ကြားလေမသွေးအောင် ဘေးစကားတွေ မဝင်အောင်၊ သွေးမကွဲအောင်၊ အထင်လွဲမှုတွေ ပြေပျောက်အောင်၊ ခင်မင်ရင်းနှီးမှုတွေ တစ်ယောက် နဲ့တစ်ယောက်ရိုင်းပင်းမှုတွေ ပိုပြီး ပိုပြီး တိုးပွား လာအောင် အထောက်အကူပြုတယ်ဆရာရဲ့”ဟု ရှင်းပြလေ၏။

ကျွန်ုပ်လည်း ရိုစီမ၏ ပခုံးလေးအား ယုယ ကြင်နာစွာဖြင့် ကိုင်လိုက်ရင်း –

“ငါ့စိတ်ထဲက နင်နဲ့ပတ်သက်တဲ့ အစိုင်အခဲ အဖုအထစ်တွေအားလုံး ရှင်းသွားပါပြီ။ ငါ့အပေါ်မှာ ထားတဲ့ နင့်ရဲ့မေတ္တာစေတနာနဲ့ သဘောထားကို လည်း ထင်ထင်လင်းလင်းသိသွားပါပြီ။ လနဲ့ချီပြီး ငါ့ရင်ထဲမှာ မိုးတွေအုံ့ပြီး မုန်တိုင်းထန်နေခဲ့တာ အခုတော့အားလုံး ပေါ့ပါးကြည်လင်သွားပါပြီ။ ဘဲရီး သိုင်းကျူး ကျေးဇူးကမ္ဘာပါပဲ ရိုစီမရယ်”ဟု တစ်လုံး ချင်း ရေရွတ်လိုက်မိလေတော့၏။

ရိုစီမလေးသည်လည်း ဝမ်းသာပီတိဖြစ်၍ လည်လာသော မျက်ရည်စများနှင့်အတူ ကျွန်ုပ်အား ပြုံးပြုံးကြီးပြန်၍ ကြည့်နေပါလေတော့သတည်း။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ