ဘေးအိမ်က ရန်လုပ်နေလို့ပါ

“ဟဲလို …ဒီဖုန်းက ဘယ်ကိုရောက်နေတာ ပါလဲရှင် …”

“ဗျာ …”

“ဪ … ဆရာဇင်ယော်နီဆီ ရောက်နေတာပါလား …”

“ခင်ဗျားဆက်တဲ့ဆီကို ရောက်တာပဲလေ၊ ဘယ်ကိုဆက်တာလဲခင်ဗျ …”

“ဆရာဇင်ယော်နီမဟုတ်ဘူးလား …”

“ဟုတ်ပါတယ်ဗျာ …လိုရင်းတိုရှင်းလေး ပြောပါ …၊ ဒီမှာ ကျွန်တော် ဗေဒင်ဟောတုန်း တန်းလန်းကြီး ဖြစ်နေလို့ပါ …”

“ဪ…အားနာလိုက်တာ ဆရာရယ်၊ အဲလိုမှန်းသိရင် မဆက်ပါဘူး …၊ ဘာလို့လဲဆို တော့ ဆရာ့အတွက် အနှောင့်အယှက်ဖြစ်သွားတယ် ဆိုတော့ အားနာလိုက်တာဆရာရယ် …”

“ကဲ …ဟုတ်ပါပြီဗျာ …၊ ပြီးတော့မှ ဆက်ပြီးအားနာပါ …၊ အခု ဘာပြောချင်တာလဲ ပြောပါခင်ဗျ …”

“ပြောရမှာတောင် အားနာပါတယ်ဆရာရယ်၊ ကျွန်မအိမ်နီးချင်းတွေနဲ့ တော်တော်အဆင်မပြေဖြစ် နေလို့ပါ …”

“ဪ …ကျွန်တော်လည်း အဲဒီလို ဖြစ်နေတာပဲဗျ …”

“မနောက်ပါနဲ့ဆရာရယ် …၊ ကျွန်မက လူတွေကို ကိုယ်ချင်းစာတရား အင်မတန်ကြီးမားတဲ့ သူပါ …၊ အိမ်နီးချင်းတွေကိုက တော်တော်ဆိုးတာပါဆရာရယ် …”

“ဪ…ကျွန်တော်လည်း အဲဒီလို ဖြစ်နေတာပဲဗျ …”

“ဟင် …အဲဒီလိုကြီးလား …”

“ဒါကတော့ဗျာ …ခင်ဗျားမှ ကျွန်တော်မှ မဟုတ်ပါဘူး၊ တလောကလုံးမှာရှိတဲ့လူအားလုံးဟာ ကိုယ့်ကိုယ်ကိုတော့ အကောင်းထင်ကြတာပဲပေါ့ ..၊ ကဲ …ပြောပါဗျာ …၊ ဘာကူညီရမလဲ …”

“အဲဒီအိမ်နီးချင်းတွေ စောင်းတဲ့မြောင်းတဲ့ ရန်လုပ်တဲ့ဒဏ်က ဝေးချင်လို့ပါဆရာရယ် …”

“အဲဒါဆိုရင်တော့ အမြန်ဆုံး အိမ်ပြောင်းသွားပေါ့ဗျာ …”

“မနောက်ပါနဲ့ဆရာရယ် …၊ ကျွန်မတို့မှာ တကယ်ကို ဒုက္ခများနေလို့ပါ …”

“ဟုတ်ပြီ ..ဟုတ်ပြီ …၊ လိုက်မှတ်ထား လိုက်နော် …၊ အိမ်နီးချင်းတွေနဲ့ အဆင်ပြေဖို့အတွက် နံပါတ်တစ် အရေးအကြီးဆုံးကတော့ ကိုယ်ကိုယ်တိုင်က အဆင်ပြေအောင် ကြိုးစားဖို့ပါပဲ …၊ ပြီးတော့မှ ဂမ္ဘီရနည်းလေးနဲ့ ဆောင်ရွက်ဖို့ကတော့ ကိုယ့်ကို ရန်လုပ် ငြူစူ စောင်းမြောင်းနေတဲ့ အိမ်ဘက်ကို ဇွန်းကြီးကြီးတစ်ချောင်း ကြိုးလေးနဲ့ တွဲလောင်းဆွဲထားလိုက်ပါ …၊ အဲဒီဇွန်းလေးကို လှုပ်လှုပ်ပြီး ဆုတောင်းပါ …၊

ကိုယ့်အိမ်မှာကိုယ် ဆွဲထားဖို့ပြောတာနော်၊  တော်ကြာ သူများအိမ်ကို သွားဆွဲလို့ ဇင်ယော်နီ ပေးတဲ့ယတြာလေးလုပ်ခါမှပဲ တို့မိသားစုလည်း ရဲစခန်းရောက်တော့တယ်ဆိုတာ ဖြစ်နေဦးမယ် …”

“ဟုတ် …ဟုတ်ကဲ့ပါရှင် …၊ ကျေးဇူးတင်ပါတယ် …၊ အားလည်းနာပါတယ်ရှင့် …”

“ဟုတ်ပါပြီဗျာ …၊ ဒီမှာ အလုပ်လေး ရှိနေလို့ ဖုန်းချပြီးမှပဲ အားနာတော့နော် …၊ အဆင်ပြေပါစေဗျာ …”